ဘန်ကောက်၊ ဇွန် ၃

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ ဘုရင်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးမှုအရ သူ့ရဲ့ လက်ကျန် ထောင်ဒဏ်ကနေ လွတ်မြောက်တော့မှာ ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးက ဇွန် ၃ ရက်က သတင်းထောက်တွေကို ပြောပါတယ်။

ထောင်ဒဏ် ၈ လ ကျခံခဲ့ပြီးနောက် ပြီးခဲ့တဲ့လက အာမခံနဲ့ လွတ်မြောက်လာသူ သက်ဆင်ဟာ သူအပေါ် ချမှတ်ထားတဲ့ တစ်နှစ် ထောင်ဒဏ်မှာ လက်ကျန် သုံးလပဲ ကျန်ပါတော့တယ်။ အဲဒီ ပြစ်ဒဏ်ဟာလည်း စက်တင်ဘာလမှာ သက်တမ်း ကုန်တော့မှာ ဖြစ်ပါတယ်။

ဇွန်လ ၃ရက်မှာ ကျရောက်တဲ့ မိဖုရား ဆူဒီသာရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဘုရင် မဟာ ဗာဂျီရာလောင်ကွန်က အကျဉ်းသားတွေကို ရွေးချယ်ပြီး ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးခဲ့တာ ဖြစ်တယ်လို့ တရားဝင် တော်ဝင် ဂေဇက်သတင်းစာမှာ ဇွန် ၂ ရက် ညနေပိုင်းက ဖော်ပြထားပါတယ်။

အဲဒီ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိသူတွေထဲမှာ သက်ဆင်လည်း ပါဝင်သလားလို့ မေးမြန်းချိန်မှာ တရားရေးဝန်ကြီး ရူသာပွန် နာအိုဝါရတ်က သူပါဝင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ သူ့ကို အပြီးတိုင် မလွှတ်ခင် အစိုးရပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း နည်းနည်း ကျန်နေသေးပြီး အဲဒီ အလုပ်တွေ ပြီးတဲ့နောက်မှာ သူ့ရဲ့ ခြေကျင်းဝတ်မှာ တပ်ဆင်ထားတဲ့ အီလက်ထရွန်နစ် စောင့်ကြည့်ရေး ကိရိယာကို ဖြုတ်ပေးရမှာ ဖြစ်တယ်လို့ ဝန်ကြီး ရူသာပွန်က ပြောပါတယ်။

အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မိမိအနေနဲ့ အတည်မပြုနိုင်သေးဘူးလို့ သက်ဆင်ရဲ့ ရှေ့နေဝင်ယက် ချာမွန်ထရီက တုံ့ပြန်ပါတယ်။
အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဘီလျံနာ သူဌေးကြီးဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် သြဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပါတယ်။

သူဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်က အကျိုးစီးပွား ပဋိပက္ခတွေ၊ အာဏာ အလွဲသုံးစား လုပ်မှုတွေအတွက် ထောင် ၈ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ရဲ့ မဟာမိတ် ပါတီ အစိုးရ ဖွဲ့နိုင်လောက်တဲ့ လွှတ်တော်အမတ်နေရာ အရေအတွက် ရရှိတဲ့နေ့မှာပဲ သက်ဆင် ပြည်တော်ပြန်ဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သက်ဆင်ဟာ ထောင်ထဲကို ရောက်ပြီး နာရီပိုင်းအကြာမှာပဲ ရင်ဘတ်နဲ့ နှလုံး နေလို့ မကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့ ဆေးရုံ အထူးအဆောင်သို့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

သူ့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ကို နောက်ပိုင်းမှာ နန်းတော်က သနား ဂရုဏာထားပြီး ၁ နှစ်သို့ လျှော့ချပေးခဲ့ပါတယ်။ သူဟာ အာမခံ မရခင် ဆေးရုံမှာ ၆ လ နေထိုင်ခဲ့ပါတယ်။

တရားရုံးက သက်ဆင်ကို ထောင်တစ်နှစ် ပြန်လည် ကျခံဖို့ အမိန့်ချမှတ်ခဲ့တာကြောင့် သူထောင်ထဲကို ပြန်ရောက်သွားခဲ့ပါတယ်။

သက်ဆင်ဟာ ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ် နှစ်စုကြာအောင် သြဇာကြီးမားခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ရှင်နာဝပ်ထရာမိသားစုဟာ ကျေးလက်နေသူတွေရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.