ဆိုးလ်၊ ဇွန် ၃
တောင်ကိုရီးယားဟာ အာရှ နှလုံးသားထဲက ဓားမြှောင်ဖြစ်တယ်လို့ အမေရိကန် ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိ တစ်ဦးရဲ့ တောင်ကိုရီးယား ခရီးစဉ် တွင်း နှိုင်းယှဉ် ပြောဆိုမှုကိုမြောက်ကိုရီးယားက ဇွန် ၃ ရက်မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
တောင်ကိုရီးယားဟာ တရုတ်ကို ထိန်းချုပ်ရေး ဝါရှင်တန်ရဲ့ မဟာဗျူဟာကို ရောင်ပြန်ဟပ်စေတယ်လို့ အမေရိကန် ဗိုလ်ချုပ် ဇာဗီယာ ဘရွန်ဆန်က ပြောပါတယ်။
တရုတ်ရဲ့ ဒေသဆိုင်ရာ သြဇာလွှမ်းမိုးမှုအပေါ် တားဆီးရေး တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ (USFK) ရဲ့ အခန်းကဏ္ဍကို ဝါရှင်တန်က တိုးချဲ့ဖို့ ကြိုးပမ်းဖွယ်ရှိတယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာ ဗိုလ်ချုပ် ဇာဗီယာ ဘရွန်ဆန်က အခုလိုမျိုး အင်တာဗျူး မှာ ပြောဆိုလာတာပါ။
နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ မြောက်ကိုရီးယား ရန်က စောင့်ကြပ်ပေးရေး တောင်ကိုရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် ၂၈၅၀၀ ချထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနကလေ့လာသူ ကင်မ် မြောင်ချိုလ်ရဲ့ သုံးသပ်ချက်ကို ဖော်ပြရာမှာ ဘရွန်ဆန်ရဲ့ ပြောဆိုမှုတွေက အမေရိကန်ဟာ ငြိမ်းချမ်းရေးကို နှောင့်ယှက်တဲ့ မျိုးနွယ်စု အကြီးအကဲ ဖြစ်ပြီး ကမ္ဘာ့အဆိုးရွားဆုံး စစ်အင်ပါယာ ဖြစ်တယ်ဆိုတာ ဖော်ပြနေတယ်လို့ ပြောဆို ရေးသားထားပါတယ်။
အဲဒီ ပြောဆိုမှုတွေက ဝါရှင်တန်ဟာ တရုတ်ကို ထိန်းချုပ်ဖို့ ရည်ရွယ်တဲ့ သူတို့ရဲ့ ဒေသဆိုင်ရာဗျူဟာ လက်တွေ့ ဖြစ်လာစေဖို့ တောင်ကိုရီးယားကို အရေးပါတဲ့ ပထဝီ နိုင်ငံရေး လက်နက်အဖြစ် အသုံးချဖို့ ရည်ရွယ်ထားပုံကို ထင်ဟပ်စေတယ်လို့ ကင်မ်ရဲ့ ရေးသားချက်ကို KCNA သတင်းမှာ ဖော်ပြထားပါတယ်။
သူဟာ ဂျပန်နိုင်ငံမှာ အခြေစိုက်ပြီး မြောက်ကိုရီးယားအတွက် တရားဝင် မဟုတ်တဲ့ ပြည်ပ ပြောရေးဆိုခွင့်ရှိသူအဖြစ် မှတ်ယူခံထားရသူ ဖြစ်ပါတယ်။
တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာကြာပြီ ဖြစ်ပြီး သံတမန်ရေးနဲ့ စီးပွားရေး ကျောထောက်နောက်ခံပေးထားတဲ့ အဓိက အရင်းအမြစ် တစ်ခု ဖြစ်ပါတယ်။
ဘရွန်ဆန်ရဲ့ ပြောဆိုချက်တွေကို သတိပြုမိပြီး ဆက်စပ် ကိစ္စအားလုံးနဲ့ ပတ်သက်လို့ ရာထူး အဆင့်ဆင့်မှာ ဆက်သွယ်မှုကို ဆက်လက် ထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယား သမ္မတ ရုံးက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြောပါတယ်။
News1 နဲ့ JTBC အပါအဝင် ပြည်တွင်း သတင်းဌာနတွေက တောင်ကိုရီးယားက သူတို့ရဲ့ စိုးရိမ်မှုတွေကို အမေရိကန်ဆီ တင်ပြထားတယ်လို့ ဖော်ပြထားပါတယ်။
တရုတ်က သူတို့ရဲ့ အရှေ့ဖက် ကမ်းရိုးတန်းကနေ အပြင်ဖက်ကို ကြည့်နေချိန်မှာ သူတို့ မြင်တာက အာရှရဲ့ နှလုံးသည်းပွတ်နေရာမှာ တောင်ကိုရီးယားဟာ ဓါးမြှောင် တစ်ချောင်းပါလို့ USFK တက်မှူး ဘရွန်ဆန်က အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။
ဘရွန်ဆန်က ဂျပန်ကိုလည်း တရုတ်ရဲ့ ဒေသဆိုင်ရာ ရည်မှန်းချက်တွေကို တားဆီးမယ့် ဒိုင်းကာ တစ်ခု ဖြစ်တယ်လို့ နှိုင်းယှဉ် ပြောဆိုခဲ့ကြောင်း အမေရိကန် စစ်ကောလိပ် မဟာဗျူဟာ လေ့လာရေး အင်စတီကျု့ဒ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီ ပြောဆိုချက်တွေကို ဆိုးလ်မြို့ရှိ ဘေဂျင်း သံရုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ပြစ်တင် ရှုတ်ချခဲ့ပြီး အမှန်တကယ် စည်းကျော်တဲ့ စကားတွေ ဖြစ်ပြီး တရုတ်အပေါ် ရန်လိုမှုတွေ ပြည့်နှက်နေတဲ့ စကားတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Source: AFP

