ဝါရှင်တန်၊ ဇွန် ၃
သမ္မတ ဒေါ်နယ် ထရန့်က သူရဲ့ သတ်မှတ်ချက်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ညှိနှိုင်းရေး တီဟီရန်ကို ဖိအားပေးနေချိန် အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဇွန် ၂ ရက်က အီရန်ဆီ ဦးတည်သွားတဲ့ ရေနံတင်သင်္ဘော တစ်စီးကို အမေရိကန်စစ်တပ်က Hellfire (ငရဲမီး) ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ ရေနံတင် သင်္ဘောကို ဒုံးကျည်နဲ့ တိုက်ခိုက်ပုံ ဗွီဒီယိုဖိုင်ကို အမေရိကန် စစ်တပ်ရဲ့ ဗဟို ကွပ်ကဲရေးဌာနက ဖော်ပြထားပြီး ဘော့စနီးယား အလံ စိုက်ထူထားတဲ့ M/T Lexie သင်္ဘောရဲ့ အင်ဂျင်ခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
အကြိမ်ကြိမ် သတိပေးမှုကို သင်္ဘော အမှုထမ်းတွေက ကရုမစိုက်ဘဲ ၂၄ နာရီအချိန်အတွင်း အမေရိကန် တပ်ဖွဲ့တွေရဲ့ အကြိမ်များစွာ လမ်းညွှန်မှုကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ဗဟို ကွပ်ကွဲရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် လေယာဉ် တစ်စီးက အဲဒီ သင်္ဘောရဲ့ အင်ဂျင်ခန်းကို Hellfire ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး အဆုံးစွန် သုံးမရအောင်နဲ့ အီရန် ဆိပ်ကမ်းသို့ မရောက်ရှိနိုင်အောင် လုပ်ဆောင်ခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၁၃ ရက်က အီရန် ဆိပ်ကမ်းတွေကို စတင် ပိတ်ဆို့ခဲ့ပြီးနောက်ပိုင်း M/T Lexie သင်္ဘောဟာ အမေရိကန် စစ်တပ်က ရှေ့ဆက် သွားမရအောင် ဖျက်ဆီး တိုက်ခိုက်ခဲ့တဲ့ ဆဋ္ဌမမြောက် သင်္ဘော ဖြစ်ပါတယ်။
အီရန် ဆိပ်ကမ်းတွေက ထွက်ခွာဖို့ ဒါမှမဟုတ် ဆိပ်ကမ်းတွေဆီ ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ သင်္ဘော ၁၂၂ စီးကို လမ်းကြောင်း ပြန်ပြောင်းခိုင်းခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
အီရန်အနေနဲ့ သဘောတူညီမှု တစ်ရပ် ရယူတဲ့ အချိန်အထိ အီရန် ဆိပ်ကမ်းတွေကို ဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောထား ပါတယ်။
အီရန်ကကလည်း ကမ္ဘာ့လောင်စာ ၅ ပုံ ၁ ပုံ ဖြတ်သန်းရာ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားတာကြောင့် ကမ္ဘာတဝှမ်း လောင်စာ ပြဿနာတွေ ကြုံတွေ့နေရပါတယ်။
အမေရိကန်နဲ့ အီရန်ကြား သဘောတူညီမှု မူကြမ်းအရ အမေရိကန်က ပိတ်ဆို့ထားမှုတွေကို ရုတ်သိမ်းပေးမှာ ဖြစ်ပြီး မိမိတို့က ဟောမု့ဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သတ်မှတ်ထားတယ်လို့ တီဟီရန်က ပြောပါတယ်။
အဲဒီ သဘောတူညီချက် မူကြမ်းအရ အီရန်အနေနဲ့ အဲဒီ ရေလမ်းကြောင်းကို တစ်လအတွင်း ပြန်ဖွင့်ပေးရမှာ ဖြစ်ပြီး အမေရိကန်က အီရန် ဆိပ်ကမ်းတွေ ပိတ်ဆို့ထားမှုကို ရုတ်သိမ်းပြီးတော့ အီရန်အနီးက သူတို့ရဲ့ စစ်တပ်တွေ ဆုတ်ခွာပေးရမှာ ဖြစ်ပါတယ်။
နှစ်နိုင်ငံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေချိန်မှာပဲ ဟောမု့ဇ် ရေလက်ကြားတဝှမ်း တိုက်ခိုက်မှုတွေ ဆက်ရှိနေသလို အီရန်ရဲ့ စစ်ဖက်ဆိုင်ရာ တည်နေရာတွေကိုလည်း အမေရိကန်က ဆက်လက် တိုက်ခိုက်နေပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေအတွက် လက်စားချေတဲ့အနေနဲ့ အီရန်က ကူဝိတ်ရှိ အမေရိကန် စစ်စခန်းတွေကို ဒရုန်းတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပေမယ့် ကူဝိတ် လေကြောင်း ကာကွယ်ရေးစနစ်ကို မထိုးဖောက်နိုင် ဖြစ်ခဲ့ပါတယ်။
နှစ်နိုင်ငံကြား အပြီးသတ် သဘောတူညီမှု တစ်ရပ် ရက်ပေါင်း ၆၀ အတွင်း ရရှိခဲ့မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံဖြတ်ချက်လိုပဲ ဥပဒေအရ ချည်နှောင်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။
အီရန်အနေနဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်ခွင့် လုံးဝ မရှိစေရဘူးလို့ ထရန့်က ပြောထားပြီး အီရန်ရှိ သန့်စင်ထားပြီးသား ယူရေနီယံတွေကိုလည်း အမေရိကန်က လိုချင်နေတာ ဖြစ်ပါတယ်။
အီရန် စစ်ပွဲ ပိုမို ရှည်ကြာလာပြီး ဒေသတဝှမ်း ကျယ်ပြန့်လာမှာကိုနိုင်ငံအများက စိုးရိမ်နေကြ ပါတယ်။
Ref:Reuters/ AFP

