မင့်ဇ်၊ ဇွန် ၂

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာ အာဏာရှင် တစ်ယောက် မဟုတ်ဘူးလို့ ဘီလာရုဇ်ရဲ့ သက်ဦးဆံပိုင် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ရုရှား အရာရှိ တစ်ယောက်ကို ဇွန် ၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။

အခုနှစ် စောစောပိုင်းက ပြုံးယမ်းသို့ နိုင်ငံတော် ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် သမ္မတ လူကာရှန်ကိုက ကင်ဂျုံအန်နဲ့ သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြောင်းလည်း ကြွားဝါ ပြောဆိုပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က စားနပ်ရိက္ခာ ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးဖို့ ဘီလာရုဇ်သို့ သွားရောက်ခဲ့ပြီးနောက် လူကာရှန်ကိုက အခုလိုမျိုး ပြောဆိုလာတာပါ။

အမှန်တကယ် မြောက်ကိုရီးယား ခေါင်းဆောင်ဟာ အာဏာရှင် မဟုတ်ဘဲ ဉာဏ်ကောင်းတဲ့ လူငယ် တစ်ယောက် ဖြစ်တယ်လို့ လူကာရှန်ကိုက ပြောပါတယ်။

ရုရှားနိုင်ငံ ပရီမောစကီး ကရိုင်ဒေသ အုပ်ချုပ်ရေးမှူး အိုလက် ခိုဇမ်ယာကိုနဲ့ တွေ့ဆုံမှု အတွင်း ဘီလာရုဇ် ခေါင်းဆောင်က မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အဲဒီဒေသအနေနဲ့ ဘီလာရုဇ်နဲ့ မြောက်ကိုရီးယားကြား ကုန်သွယ်ရေး ကြာခံဒေသ အဖြစ် ဆောင်ရွက်ပေးနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။

ယူကရိန်းကို ရုရှားက ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှု နောက်ပိုင်းမှာ အာဏာရှင်နိုင်ငံတွေ မဟာမိတ်ဖွဲ့မှု ပူးပေါင်းဆောင်ရွက်မှု ပိုများလာတာတွေ့ရပါတယ်။

တရုတ်၊ ရုရှား၊ ဘီလာရု့ဇ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့ကြား ပူးပေါင်းဆောင်ရွက်မှု အားပိုကောင်းလာတာ တွေ့ရပါတယ်။

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက ဒုံးကျည်တွေအပြင် စစ်သား ထောင်ချီ စေလွှတ်ထား ကူညီ ပေးထားပါတယ်။

အီရန်ကလည်း ရုရှားအတွက် ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပေးပို့ ကူညီပေးထားပြီး စီးပွားရေး အရ အပြန်အလှန် ကူညီပေးမှုတွေလည်း ရှိနေပါတယ်။

လက်ရှိ ကမ္ဘာမှာ ဒီမိုကရေစီ လိုလားတဲ့ အနောက်နိုင်ငံ အုပ်စုနဲ့ အနောက်တိုင်းကို ဆန့်ကျင်ပြီး ရှင်သန် ရပ်တည်ဖို့ အာဏာရှင် နိုင်ငံအချင်းချင်း ဝင်ရိုးတန်း သဖွယ် စုဖွဲ့လာကြတာ တွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Ref:NKNews

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.