တိုကျို၊ ဇွန် ၂
ဂျပန်နိုင်ငံ ဖူကူရှီမားဒေသရှိ ဆူနာမီ ဒဏ်ခံခဲ့ရတဲ့ ဖူကူရှီးမား နံပါတ် ၁ နျူကလီးယား စွမ်းအင် စက်ရုံရှိ နံပါတ် ၂ ဓာတ်ပေါင်းဖိုရဲ့ အသုံးပြုပြီးသား လောင်စာကန်မှ နျူကလီးယား လောင်စာတွေကို တိုကျိုလျှပ်စစ် ဓာတ်အားပေး ကုမ္ပဏီ Tepco က ဇွန် ၂ ရက်ကနေ စတင် ဖယ်ရှားနေပြီ ဖြစ်ပါတယ်။
အခုဆောင်ရွက်မှုဟာ အဲဒီနျူကလီးယား စက်ရုံရှိ ဓာတ်ပေါင်းဖိုတွေကို အသုံးပြုမှု ရပ်တန့်ရေး အဓိက ခြေလှမ်း တစ်ရပ် ဖြစ်တယ်လို့ မှတ်ယူထားပါတယ်။
Tepco ကုမ္ပဏီက နံပါတ် ၂ ဓာတ်ပေါင်းဖိုရှိ လောင်စာ အစုအဝေး အားလုံးကို ၂၀၂၈ ဘဏ္ဍာရေးနှစ် မတိုင်ခင် အပြီးသတ် ဖယ်ရှားရှင်းလင်းဖို့ ရည်ရွယ်ထားပါတယ်။
နံပါတ် ၂ ဓာတ်ပေါင်းဖိုရဲ့ အသုံးပြုပြီးသား လောင်စာကန်မှာ လောလောဆယ် ရေဒီယို သတ္တိကြွမှု မြင့်မားတဲ့ သုံးစွဲပြီးသား လောင်စား အစုအဝေး ၅၈၇ ခုကို သိုလှောင်ထားတာ ဖြစ်တယ်လို့ Tepco က ဖော်ပြထားပါတယ်။
အသုံးမပြုသေးတဲ့ လောင်စာတွေဟာ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင် အန္တရာယ် နည်းပါးတာကြောင့် အဲဒီ လောင်စာတွေကို အရင်ဆုံး ဖယ်ရှားမှာ ဖြစ်ပါတယ်။
နံပါတ် ၃ နဲ့ နံပါတ် ၄ ဓာတ်ပေါင်းဖိုတို့မှာ ရှိတဲ့ လောင်စာကန်တွေကနေ အသုံးပြုပြီးသား လောင်စာတွေကို အပြီးတိုင် ဖယ်ရှားရှင်းလင်းခဲ့ပြီးနောက် အခု ရှင်းလင်းမှုဟာ တတိယမြောက် ဖယ်ရှား ရှင်းလင်းမှု ဖြစ်ပါတယ်။
နံပါတ် ၂ ဓာတ်ပေါင်းဖို အဆောက်အဦက အသုံးပြုပြီးသား လောင်စာ ၅၈၇ စုနဲ့ အသုံးမပြုတဲ့ လောင်စာ အစု ၂၈ ခု စုစုပေါင်း လောင်စာ အစု ၆၁၅ စုကို ၂၀၂၈ ဘဏ္ဍာရေးနှစ် မတိုင်ခင် အဲဒီ စက်ရုံရှိ အန္တရာယ် ပိုကင်းတဲ့ ဘုံအသုံးပြုနေတဲ့ လောင်စာကန်ဆီ ရွှေ့ပြောင်းမှာ ဖြစ်ပါတယ်။
ဇွန် ၂ ရက် နေ့လယ်ပိုင်းက စတင်ခဲ့တဲ့ ဖယ်ရှားရေး အစီအစဉ်မှာ လောင်စာ အစုတွေကို သယ်မနိုင်တဲ့ အဝေးထိန်း စနစ်သုံး ကရိန်း တစ်ခု ပါဝင်ပြီး တစ်ခုစီဟာ လေးမီတာ ရှည်ပြီး ၂၅၀ ကီလိုဂရမ် အလေးချိန် ရှိပါတယ်။
လောင်စာ အစုတွေကို အချင်း ၁ ဒသမ ၄ မီတာ ကျယ်ပြီး ၅ ဒသမ ၆ မီတာ ရှည်တဲ့ ကန်ထဲကို အဲဒီ အဝေးထိန်း ကရိန်းနဲ့ ပြောင်းထည့်မှာ ဖြစ်ပါတယ်။
အဲဒီနောက် နျူကလီးယား လောင်စာတွေကို အန္တရာယ်ပိုကင်းတဲ့ လှောင်ကန်ဆီကို ရွှေ့ပြောင်းမှာပါ။
ဓာတ်ပေါင်းဖို အသုံးပြုမှု ရာနှုန်းပြည့် ရပ်တန့်ရေးအတွက် အဲဒီလို လောင်စာ အစုအဝေးတွေကို ရွှေ့ပြောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။
နံပါတ် ၁ နဲ့ နံပါတ် ၃ ဓာတ်ပေါင်းဖိုတွေထဲမှာ အရည်ပျော်သွားတဲ့ လောင်စာ အပိုင်းအစတွေ တန်ချိန်ပေါင်းများစွာ ရှိနေဆဲ ဖြစ်ပါတယ်။
Ref:Asahi/The Japantimes

