နယူးဒေလီ၊ ဇွန် ၂
မြန်မာ ပိုင်နက်ကို အသုံးချပြီး အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို အန္တရာယ်ပေးခွင့်ပြုမှာ မဟုတ်ဘူးလို့ အာဏာသိမ်းပြီးနောက် သမ္မတ ရာထူးကို ရယူထားသူ မင်းအောင်လှိုင်က ဝန်ကြီးချုပ် နရန်ဒရာ မိုဒီကို ဇွန် ၁ ရက်မှာ ကတိပေးခဲ့ပါတယ်။
အရှေ့မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့တွေဟာ မြန်မာနိုင်ငံထဲက လှုပ်ရှားနေတာနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း အိန္ဒိယက အရင်က အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။
နှစ်ဖက်တွေ့ဆုံပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဗီခရမ် မီဆရီက မြန်မာနိုင်ငံ တည်ငြိမ် ငြိမ်းချမ်းရေးဟာ အိန္ဒိယအတွက် အဓိက အကျိုးစီးပွား ဖြစ်တယ်လို့ အလေးထား ပြောကြားသွားပါတယ်။
သမ္မတ ရာထူးကို ရယူပြီးနောက် သူ့ရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် မင်းအောင်လှိုင်ဟာ မေ ၃၀ ရက်ကနေ ဇွန် ၃ ရက်အထိ အိန္ဒိယကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ၅ နှစ်အကြာမှာ စစ်ခေါင်းဆောင်ဟာ ဧပြီ ၃ ရက်က သမ္မတ ရာထူးကို ရယူခဲ့တာ ဖြစ်ပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေး၊ အရေးကြီးတဲ့ သတ္တုနဲ့ မြေရှား ပြီးတော့ ဆက်သွယ်ချိတ်ဆက်ရေးဆိုင်ရာ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှုကို ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး မီဆရီက ပြောပါတယ်။
မိုဒီက ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကိုလည်း တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို အိန္ဒိယက ထောက်ခံကြောင်း ဝန်ကြီးချုပ်က ထပ်မံ အတည်ပြုပြီး မိမိတို့ နိုင်ငံတွေရဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို အန္တရာယ်ပြုမယ့် လုပ်ရပ်တွေအတွက် မိမိတို့ရဲ့အချုပ်အခြာ အာဏာပိုင် နယ်မြေတွေကို တလွဲအသုံးချမှုအပေါ် နှစ်နိုင်ငံစလုံးက ကာကွယ်ရေး အရေးကြီးကြောင်းလည်း ဝန်ကြီးချုပ် မိုဒီက ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တခြား အဖွဲ့အစည်း အားလုံးကို စင်္ကြံ တစ်ခုတည်းပေါ်သို့ ဆောင်ကျဉ်းပြီး ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ဖို့ ကြိုးပမ်းရေးဟာ ပြည်တွင်း လုံခြုံရေးအတွက် အရေးကြီးကြောင်းလည်း မိုဒီက မင်းအောင်လှိုင်ကို ပြောကြားခဲ့တယ်လို့ ဝန်ကြီး မီဆရီက ပြောပါတယ်။
မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေးဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း လုံခြုံရေးအတွက်လောက်ပဲ မဟုတ်ဘဲ ၁၆၄၃ ကီလိုမီတာ ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်တလျှောက် နေထိုင်သူတွေရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးအတွက်လည်း အရေးကြီးကြောင်း အရှေ့တောင်အာရှ ချိတ်ဆက်ရေး စီမံကိန်းတွေဟာလည်း မိမိတို့အတွက် အရေးကြီးကြောင်း ဝန်ကြီး မီဆရီက ဆိုတာပါ။
မြန်မာနိုင်ငံ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဟာ အာဆီယံအတွက်လည်း အရေးကြီးကြောင်း ဒေသဆိုင်ရာ လုံခြုံရေးအတွက်လည်း အရေးကြီးကြောင်း အိန္ဒိယက ပြောပါတယ်။
အရမ်း အရေးကြီးတဲ့ မေးခွန်းက အိန္ဒိယနယ်စပ်နဲ့ အရမ်း နီးကပ်နေတဲ့ မြန်မာနိုင်ငံထဲက အိန္ဒိယ လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှု ဖြစ်ပြီး ဝန်ကြီးချုပ် မိုဒီက ဒီကိစ္စကို မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ အလေးထား ပြောဆိုခဲ့တယ်လို့ မီဆရီက ပြောပါတယ်။
ဒီလို ဆွေးနွေးတင်ပြမှုတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေ မဟုတ်ဘူးလို့လည်း ဝန်ကြီးက အခိုင်အမာ ပြောဆိုထားပါတယ်။
Ref:Indianexpress

