ဝါရှင်တန်၊ ဇွန် ၄
အီရန်မှာ နောက်ထပ် စစ်ဆင်ရေးတွေ မလုပ်ဖို့ သမ္မတ ဒေါ်နယ် ထရန့်အား တားဆီးရေး ကြိုးပမ်းမယ့် အစီအစဉ် တစ်ရပ်ကို အမေရိကန် အောက်လွှတ်တော် အမတ်တွေ မဲခွဲ အတည်ပြုလိုက်ပါတယ်။
ဖေဖော်ဝါရီ လကုန်ပိုင်းက စတင်ခဲ့တဲ့ စစ်ပွဲကို သဘောမတူကြောင်း ရှားရှားပါးပါး လူသိရှင်ကြား ဖော်ပြမှုအဖြစ် ဒီမိုကရက်တွေနဲ့ အတူ ရီပက်ဘလေကန် အမတ် ၄ ဦး ပူးပေါင်းခဲ့ပြီးနောက် ထောက်ခံမဲ ၂၁၅ မဲ ကန့်ကွက်မဲ၂၀၈ မဲနဲ့ အောင်မြင်စွာ မဲခွဲ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ရဲ့ သဘောတူ ခွင့်ပြုချက် မရှိဘဲ လုပ်ဆောင်နေတာလို့ ဝေဖန်သူတွေ ပြောတဲ့ ထရန့်ရဲ့ စစ်ပွဲ ဆင်နွှဲနိုင်တဲ့ အာဏာကို ထိန်းချုပ်ရေး လွှတ်တော်က ကြိုးပမ်းမှုဟာ အခု စတုတ္ထအကြိမ် ဖြစ်ပါတယ်။
အောက်လွှတ်တော်ရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ ရီပက်ဘလေကန်တွေ ထိန်းချုပ်ထားတဲ့ အမေရိကန် အထက်လွှတ်တော်ရဲ့ အတည်ပြုမှု လိုအပ်ဦးမှာ ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်ကို အထက်လွှတ်တော်က အောင်အောင်မြင်မြင် အတည်ပြုခဲ့မယ် ဆိုရင်တောင် အီရန်ကို တိုက်ခိုက်နေတာတွေ အားလုံးကို တားဆီးနိုင်ဖွယ် မရှိပါဘူး။
အဲဒီ အစီအစဉ်ကို ဖျက်သိမ်းဖို့ လွှတ်တော် နှစ်ရပ်စလုံးမှာ သုံးပုံ နှစ်ပုံ လူများစုက ထောက်ခံဖို့ လိုအပ်မှာ ဖြစ်ပြီး ထရန့်က ဗီတို အာဏာနဲ့ အသုံးပြုလာနိုင်ပါတယ်။
အရင်က ကြိုးပမ်းမှု ၇ ကြိမ် မအောင်မြင် ဖြစ်ခဲ့ပြီးနောက် အထက်လွှတ်တော်က အလားတူ ဆုံးဖြတ်ချက် တစ်ရပ်ကို မေလက ရှေ့တိုး ဆောင်ရွက်ခဲ့ပေမယ့် လွှတ်တော် တစ်ရပ်လုံးနဲ့ ထောက်ခံမှုကို မရနိုင် ဖြစ်နေပါသေးတယ်။
အောက်လွှတ်တော်မှာ ရီပက်ဘလေကန် အမတ်တွေ ဖြစ်တဲ့ စောမတ်စ် မက်ဆီ၊ ဘရိုင်ယန် ဖစ်ပက်ထရစ်၊ တွမ် ဘားရက်နဲ့ ဝါရန် ဒဗစ်ဆင်တို့က ဒီမိုကရက်တွေနဲ့ ပူးပေါင်းပြီးတော့ ဇွန် ၃ ရက်က ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။
အလားတူ အစီအစဉ်တွေကို အရင်က ကန့်ကွက်မဲ ပေးခဲ့တဲ့ မိန်းမဲဆန္ဒနယ်က ဒီမိုကရက် အမတ် ဂျရက် ဂိုလ်ဒန်က ဒီတစ်ကြိမ်မှာတော့ ထောက်ခံမဲပေးခဲ့ပါတယ်။
ရီပက်ဘလေကန် အမတ်တွေ ဒီမိုကရက်တွေဖက်က ထောက်ခံခဲ့တာကြောင့် ထရန့်က လက်စားချေလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ဇွန် ၃ ရက် မဲခွဲဆုံးဖြတ်မှုက ထရန့်ရဲ့ ရီပက်ဘလေကန် ပါတီထဲမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း နောက်ဆုံး ဖော်ပြလိုက်တဲ့ လက္ခဏာ ဖြစ်ပါတယ်။
ထရန့်ရဲ့ တရားမဝင်တဲ့ ကုန်ကျစရိတ် များလွန်းတဲ့ အီရန် စစ်ပွဲကို ပါတီ နှစ်ရပ်စလုံးက မလိုလားကြောင်း အခု မဲခွဲဆုံးဖြတ်မှုက ဖော်ပြလိုက်တာ ဖြစ်တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီရဲ့ ထိပ်သီး ဒီမိုကရက် အမတ် ဂရီဂိုရီ မိခ်က ပြောပါတယ်။
ဒါဟာ အီရန် စစ်ပွဲကို တခါတည်းနဲ့ အပြီးတိုင် အဆုံးသတ်ပစ်ရေး ပထမဆုံး ခြေလှမ်း ဖြစ်တယ်လို့လည်း ဒီမိုကရက်တွေက ပြောပါတယ်။
ထရန့်ဟာ စစ်ပွဲအတွက် သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်အောင် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပြီး အမေရိကန်မှာ လောင်စာဈေးနှုန်း မြင့်တက်လာစေတယ်လို့ မိခ်က ပြောပါတယ်။
သမ္မတရဲ့ စစ်ပွဲ ဆင်နွှဲမှုကြောင့် အီရန်ရဲ့ နျူကလီးယား စီမံကိန်းကို သံတမန်ရေးအရ ဖြေရှင်းရေး အောင်မြင်အောင် လုပ်ဆောင်ဖို့ ပိုပြီးတော့တောင် ခက်ခဲ သွားစေတယ်လို့ သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စတင် တိုက်ခိုက်ခဲ့ကြ ပါတယ်။
အီရန်က ပင်လယ်ကွေ့ရှိ အမေရိကန် မဟာမိတ်နိုင်ငံတွေနဲ့ အစ္စရေးကို တိုက်ခိုက် တုံ့ပြန်ခဲ့ပြီး ကမ္ဘာ့သင်္ဘော လမ်းကြောင်းအတွက် အရေးကြီးတဲ့ ဟောမု့ဇ် ရေလက်ကြားကို ထိထိရောက်ရောက် ပိတ်ထားပါတယ်။
ဧပြီလအတွင်း အမေရိကန်က အီရန် ဆိပ်ကမ်း အားလုံးကို ရေတပ်နဲ့ ပိတ်ထားခဲ့ပြီး သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း မလိုက်နာတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေပါတယ်။
Ref:BBC

