နျူကလီးယား တပ်ဖွဲ့အင်အားကို ဆတိုး အားဖြည့်သွားမယ်လို့ ကင်ဂျုံအန် ကြွေးကြော်

ဆိုးလ်၊ ဇွန် ၄

မြောက်ကိုရီးယားရဲ့ လက်နက်အဆင့် နျူကလီးယား ပစ္စည်း ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း နှစ်ဆ မြင့်တက်ခဲ့တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်က ဇွန် ၃ ရက်မှာ ပြောကြားပြီး စစ်တပ်ရဲ့ နျူကလီးယား စွမ်းပကားတွေကို ဆတိုး တိုးတိုးမြှင့်သွားမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

နျူကလီးယား ပစ္စည်း ထုတ်လုပ်ရေး စက်ရုံသစ်သို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကင်ဂျုံအန်က မိမိတို့နိုင်ငံရဲ့ နျူကလီးယား တပ်ဖွဲ့ အင်အားကို ဆတိုးနှုန်းနဲ့ တိုးမြှင့်ဖို့ ရည်ရွယ်ထားတဲ့ အနာဂတ် အစီအစဉ်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားက အတည်ပြုထားကြောင်း ပြောဆိုခဲ့တာပါ။

ကင်ဂျုံအန်ရဲ့ ပြောကြားချက်ကို မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၄ ရက်မှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယာမှာ ချထားတဲ့ အမေရိကန် တပ်ဖွဲ့တွေနဲ့ တောင်ကိုရီးယား တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို တားဆီး ကာကွယ်ရေး မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို အင်အား တိုးချဲ့နေတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဖိအားကို ပယ်ချပြီး မြောက်ကိုရီးယားက သူတို့ရဲ့ နျူကလီးယား လက်နက်တိုက်ကို လုံးဝ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ပြောထားပြီး ဒါဟာ ပြန်လည် ပြောင်းလဲလို့ မရတဲ့ လမ်းကြောင်း တစ်ခု ဖြစ်တယ်လို့ ပြောထားပါတယ်။

ပြုံယမ်းဟာ နျူကလီးယား မပြန့်ပွားရေး သဘောတူညီမှုကနေ ၁၉၉၃ ခုနှစ်က နုတ်ထွက်ခဲ့ပြီးနောက်ပိုင်း နျူကလီးယား လက်နက် စမ်းသပ်မှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက် အများကြီးကို ချိုးဖောက်ပြီးတော့ အဲဒီလို လက်နက် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နျူကလီးယား ထိပ်ဖူး ဒါဇင်ပေါင်းများစွာ ပိုင်ဆိုင်ထားပြီလို့ ယုံကြည်ရပါတယ်။

မြောက်ကိုရီးယားက AI နည်းပညာ ပဲ့ထိန်းစနစ် ပါဝင်တဲ့ ဒုံးကျည်တွေနဲ့ လက်နက်ကြီးတွေကိုလည်း စမ်းသပ်ခဲ့ပြီး တောင်ကိုရီးယား နယ်စပ်မှာ ချထားဖို့ စီစဉ်ထားပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေ တိုးမြှင့် ထုတ်လုပ်နေပေမယ့် အမေရိကန်က ထိပ်တိုက် တွေ့လိုတဲ့ မူဝါဒကို စွန့်လွှတ်မယ်ဆိုရင် အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ပြောထားပါတယ်။

အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာဖို့က အမေရိကန်ရဲ့ သဘောထားအပေါ်မှာ လုံးဝ မူတည်နေတယ်လို့ ကင်ဂျုံအန်က ပြောကြားကြောင်း KCNA သတင်းမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားက လာမယ့် ၅ နှစ်တာအတွက် အဓိက မူဝါဒတွေ ချမှတ်ရာမှာလည်း နျူကလီးယား လက်နက် အင်အား တိုးမြှင့်ဖို့ ထည့်သွင်းသတ်မှတ်ထားပြီ ဖြစ်ပါတယ်။

မိမိတို့ စစ်တပ်နဲ့ လက်နက် အဆင့်အတန်းဟာ ခေတ်မီစစ်ပွဲ တစ်ပွဲ ဆင်နွှဲဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ကင်ဂျုံအန်က မကြာသေးခင်က ပြောဆိုထားပါတယ်။

လောလောဆယ် မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူး ၅၀ လောက်ရှိပြီး နောက်ထပ် ၄၀ လောက် ထုတ်လုပ်ဖို့ ယူရေနီယံတွေ ပိုင်ဆိုင်ထားပြီ ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

ရေအောက်က ပစ်လွှတ်နိုင်တဲ့ အားပိုကောင်းတဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ထုတ်လုပ်မယ့် အစီအစဉ်ကိုလည်း ကင်ဂျုံအန်က ချပြထားပါတယ်။

ဉာဏ်ရည်တု နည်းပညာ သုံးထားတဲ့ တိုက်ခိုက်ရေး စနစ်တွေနဲ့ မောင်သူမဲ့ တိုက်ခိုက်ရေး ယာဉ်တွေ ထုတ်လုပ်ဖို့လည်း သူက စစ်လက်နက် ထုတ်လုပ်ရေး အရာရှိတွေကို ညွှန်ကြားထားပါတယ်။

ဒီလို လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ အနေအထားမှာ အမေရိကန်အနေနဲ့ မိမိတို့ နိုင်ငံကို လေးစားးသမှု ရှိသင့်တယ်လို့ ကင်ဂျုံအန်က ပြောကြားပြီး ထိပ်တိုက်တွေ့ဖို့ မကြိုးစားဘူးဆိုရင် အမေရိကန်နဲ့ ယှဉ်တွဲပြီး နေလို့မရစရာ အကြောင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။

Source: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.