ကွာလာလမ်ပူ၊ ဇွန် ၄
ထိုင်း ရေထွက်ကုန်တွေကို ပိုမို တင်းကြပ်စွာ ထိန်းချုပ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းပုစွန်မျိုးစိပ် ၅ မျိုး တင်သွင်းမှု ရပ်ဆိုင်းလိုက်ပြီးနောက် မလေးရှားနဲ့ ချက်ချင်း ဆွေးနွေးရေး ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က တိုက်တွန်းလိုက်ပါတယ်။
ဇွန် ၂ ရက်မှာ အစိုးရ အဖွဲ့အတွင်း ဝန်ကြီးချုပ် အနုတင်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး အချိန်အကြာကြီး တားမြစ်ထားရင် ပုစွန် မွေးမြူသူတွေ၊ တင်ပို့သူတွေရဲ့နေထိုင်စားသောက်ရေးကို ထိခိုက်စေနိုင်ပြီး ပိုမို ကျယ်ပြန့်တဲ့ ပင်လယ်စာတင်ပို့ရေး ကွင်းဆက်ကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း ထိုင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရတ်ချာဒါ သာနာဒီရက်က ပြောပါတယ်။
ဒီပြဿနာကို ကြာရှည် ဖြစ်ပွားခွင့် ပြုထားမယ်ဆိုရင် ပုစွန်ဈေးနှုန်းကို ထိခိုက်စေနိုင်ပြီး အသေးစား ပုစွန် မွေးမြူသူတွေရဲ့ ဝင်ငွေကို ထိခိုက်နစ်နာစေမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားတယ်။
ထိုင်း မွေးမြူရေးသမားတွေကို ကာကွယ်ပေးရမှာ ဖြစ်သလို မလေးရှား အရာရှိတွေနဲ့ နှစ်နိုင်ငံ အရေးပေါ် ဆွေးနွေးဖို့ လိုအပ်နေပြီလို့ ဝန်ကြီး အနုတင်က ပြောပါတယ်။
ပြည်တွင်း ပုစွန် ပိုလျှံမှုကို စီမံခန့်ခွဲရေး ဈေးနှုန်း တည်ငြိမ်အောင် ဆောင်ရွက်ရေးနဲ့ အခြား တင်ပို့ရေး ဈေးကွက်တွေ ရှာဖွေရေးအတွက်လည်း ထိုင်းအစိုးရ အဖွဲ့ဝင်တွေက တင်ပြထား ပါတယ်။
ထိုင်းအစိုးရက ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်တွေ ကာမိစေရေး မတင်ပို့ခင် အမြတ်အစွန် ရရှိဖို့ သေချာစေရေး လုပ်ငန်းအထွက်ဈေးနှုန်း သတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။
ထိုင်းက မလေးရှားသို့ နှစ်စဉ် ပုစွန် တန်ချိန် ၆၀၀၀ ကနေ ၈၀၀၀ အထိ တင်ပို့နေပြီး ထိုင်းနိုင်ငံရဲ့ စုစုပေါင်း ပုစွန် ပြည်ပ တင်ပို့မှုရဲ့ ၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။
မလေးရှားရဲ့ တားမြစ်မှုကြောင့် ထိုင်းအနေနဲ့ တစ်နှစ်ကို ဘတ် ၄ ဘီလီယံ (ကန်ဒေါ်လာ ၁၂၂ ဒသမ ၁ သန်း) အထိ ဆုံးရှုံးရနိုင်တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြထား ပါတယ်။
ထိုင်း ထုတ်လုပ်သူတွေအနေနဲ့ ဗဟိုဒေသဆီ တင်ပို့စရာ မလိုတဲ့အတွက် မလေးရှားဟာ သူတို့အတွက် အဆင်ပြေတဲ့ ဈေးကွက် ဖြစ်နေပါတယ်။
ဇွန် ၁ ရက်က စတင် အသက်ဝင်လာခဲ့တဲ့ တင်သွင်းမှု ပိတ်ပင်မှုကို မလေးရှား စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာဝန်ကြီးဌာနက မေ ၁၆ ရက်ကတည်းက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက တင်းပို့နေတဲ့ ပုစွန် မျိုးစိပ် ၅ မျိုးကို မလေးရှား ကျန်းမာရေးဝန်ကြီးဌာန သတ်မတ်ထားတဲ့ စံချိန်စံညွှန်းများအရ တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
Source:Agencies

