သရက်ချောင်း၊ ဇွန် ၃

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သင်းကျွန်းကျေးရွာမှာ စစ်တပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ သရက်နှစ်ခွကျေးရွာအနီး တပ်စွဲထားတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်က လက်နက်ကြီး ပစ်ခတ်ရာကနေ သင်းကျွန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတွေဖြစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသာ တစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ သင်းကျွန်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိဘဲ စစ်ကော်မရှင်တပ်က တမင်သက်သက် ပစ်ခတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း သင်းကျွန်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မ ရှင်တပ်ဟာ ဒေသခံ နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာနဲ့ ဥတ္တူကျေးရွာတို့မှာ ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.