မြဝတီ၊ ဇွန် ၃
ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ပိုင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကလေးသူငယ်နဲ့ လူကြီးအများစုမှာ အရေပြားရောဂါ ဖြစ်ပွားနေပြီး သန့်ရှင်းသောရေ ရရှိစေဖို့ အရေးပေါ်လိုအပ်နေတယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ထုတ်ပြန်ထားပါတယ်။
နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထံက သူတို့ရဲ့ အခက်အခဲတွေနဲ့ အရေးပေါ်လိုအပ်ချက်တွေကို တင်ပြလာတဲ့အတွက် ပြည်သူလူထုထံ အကူအညီတောင်းခံ နှိုးဆော်အပ်တာဖြစ်တယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ဆိုထားပါတယ်။
လက်ရှိ သောင်ရင်းမြစ်ရေဟာ နောက်ကျိလာပြီဖြစ်တဲ့အတွက် မြစ်ကမ်းနံဘေးရှိ စစ်ရှောင်ပြည်သူတွေမှာ သုံးရေ၊ သောက်ရေ အဆင်မပြေဖြစ်နေကြရပြီး ရေမသန့်ရှင်းမှုကြောင့် ကလေးသူငယ်တွေနဲ့ လူကြီးအများစုမှာ အရေပြားယားယံတာနဲ့ ဝဲနာတွေ ဖြစ်ပွားတာတို့ကို စတင်ခံစားနေရပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ရှောင်ပြည်သူတွေ သန့်ရှင်းသောရေ ရရှိစေဖို့အတွက် ရေသန့်စက်တွေ အရေးပေါ်ပံ့ပိုးကူညီပေးဖို့ လိုအပ်နေတယ်လို့ လေးကေကော်လူငယ်ကွန်ရက်က ဆိုထားပါတယ်။
လေးကေကော်လူငယ်ကွန်ရက်ရဲ့ အဖွဲ့ဝင် နော်ဂျက်က ရေသန့်ရှင်းမှုမရှိတဲ့အတွက် သုံးရေ၊ သောက်ရေနဲ့ ထမင်းချက်ဖို့အတွက်ပင် ရေ အခက်အခဲဖြစ်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် အခုချိန်ဟာ စာသင်ကျောင်းတွေ ပြန်ဖွင့်ချိန်ဖြစ်ပေမယ့် စစ်ရှောင်ကလေးငယ် ၃၀ ကျော်ဟာ ကျောင်းသုံးကိရိယာ အပြည့်အစုံ မရှိကြသေးဘဲ ပညာသင်ကြားခွင့် မဆုံးရှုံးစေဖို့အတွက် လွယ်အိတ်၊ ခဲတံ၊ ဘောပင်၊ ထီး၊ ဦးထုပ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် တတ်နိုင်သမျှ ပမာဏလေးနဲ့ဖြစ်စေ၊ ပစ္စည်းအကူအညီနဲ့ဖြစ်စေ ဝိုင်းဝန်းလက်တွဲ ကူညီပေးကြဖို့ လေးကေကော်လူငယ်ကွန်ရက်က မေတ္တာရပ်ခံထားပါတယ်။
မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံဒေသအတွင်းနဲ့ ဝေါ်လေဒေသထဲမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးရှောင်ပြည်သူလူထုတွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- လေးကေကော်လူငယ်ကွန်ရက်

