နယူးဒေလီ ၊ ဇွန် ၃

အိန္ဒိယနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးအတွက် မြန်မာဦးဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံတယ်လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

ဇွန် ၁ ရက်နေ့က နယူး‌ဒေလီမြို့ရှိ Hyderabad House မှာ စစ်အစိုးရရဲ့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ချိန်မှာ ပြောကြားခဲ့တာဖြစ်ပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံအတွက် ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံအဖြစ် နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိင်းစေရေး အိန္ဒိယနိုင်ငံအနေနဲ့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် မိုဒီက ဆိုပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှုနဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို အခြေခံပြီး ကူညီပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်ပေးအပ်သွားမယ်လို့ သူက အာဏာသိမ်း သမ္မတကို ပြောကြားထားတာပါ။

နှစ်ဘက်ဆွေးနွေးမှုမှာတော့ ကုန်သွယ်ရေးနဲ့ စီးပွားရေးအရ ဆက်ဆံရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲမှု၊ ဖွံဖြိုးရေးအကူအညီတွေ၊ ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုတွေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေဖို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပိုဆောင်ရေးစီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတွေ အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

တစ်ဘက်မှာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံအနေနဲ့ ထောက်ခံကြောင်း မိုဒီက ပြောဆိုထားပြီး ဦးမင်းအောင်လှိုင်ကလည်း မြန်မာ့နယ်မြေကို အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေဖို့ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က မြန်မာပြည်အ‌နောက်ပိုင်းအထိ ရောက်လာတဲ့ တရုတ်ရဲ့ ပါဝါကို အိန္ဒိယက ချိန်ခွင်ညှိတဲ့ အနေအထားမှာ စစ်အုပ်စုအတွက် နိုင်ငံရေးနဲ့ စစ်ရေးမှာ အမြတ်ထွက်သွားတယ်လို့ သုံးသပ်ပါတယ်။

“အဓိကတော့ မြန်မာပြည်ရဲ့ အနောက်ပိုင်း ဘင်္ဂလားပင်လယ်အော်ဘက်အထိ ရောက်လာတဲ့ တရုတ်ရဲ့ ပါဝါနဲ့ အခင်းအကျင်းတွေကို သူတို့က အင်အားချိန်ခွင်ညှိတဲ့ အနေအထားမျိုးပဲ။ အဲဒီတော့ ကျွန်တော်တို့က ဒီအနေအထားမှာ တော်လှန်ရေးတပ်တွေဘက်က ကန့်သတ်ချက်တွေ ဖိနှိပ်မှုတွေပဲ ရှိလာဖို့ များတယ်။ စစ်အုပ်စုအတွက်ကတော့ အမြတ်ထွက်သွားတာပေါ့။ နိုင်ငံရေးရော စစ်ရေးအရပါ ပြီးရင် စီးပွားရေးအရပါ အမြတ်ထွက်သွားနိုင်ခြေရှိတဲ့ ခရီးစဉ်တစ်ခုလို့ ပြောရမယ်”လို့ ဆိုပါတယ်။

အိန္ဒိယအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် စစ်အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှာဖြစ်လို့ မြန်မာနိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသတွေမှာ စစ်တပ်အတွက် မြေပြင်ဝေဟင် စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်သွားမယ့် အနေအထားမျိုးလို့ သူက ထောက်ပြပါတယ်။

တစ်ဘက်မှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် မိုဒီက ဦးမင်းအောင်လှိုင်ကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ နှစ်ဘက်တွေ့ဆုံမှုအပြီး ဇွန် ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက အသိပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်က မြန်မာနိုင်ငံမှာ ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးရရှိရေး အားလုံးပါဝင်နိုင်ရေးနဲ့ သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲကို ပါဝင်လာရေးကို အစဉ်တစိုက် ထောက်ခံအားပေးနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အစိုးရဘက်က ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စအပါအဝင် အားလုံးပါဝင်တဲ့ ဆွေးနွေးရေးနဲ့ပတ်သက်ပြီး ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။

စစ်အာဏာသိမ်းမှုကနေ ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်ကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖယ်ကျဉ်ထားချိန်မှာ ကမ္ဘာ့အင်အားကြီး ဒီမိုက‌ရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယက တရားဝင် ဆက်ဆံလာတာပါ။

ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်း‌ဆောင်ဟောင်း ဦးမင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်နဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.