မကွေး ဇွန် ၂
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် ဒေသအခေါ် ပျူစောထီးတွေက ဒေသခံတွေကို သတ်ဖြတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလကုန်ပိုင်းနဲ့ ဇွန် ၂ ရက်နေ့တွေမှာ သမန်းရင်းနဲ့ မုန်းဇလဲကျေးရွာက ပြည်သူတွေ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကကတော့ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းကနေ ပြေးသွားတဲ့ ရဲဘော်ကဖော်တာလို့ သိရတယ်။ ဖမ်းဆီးခံရတာတွေ ရှိတယ်။ အခုက အသတ်ခံရတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၉ ရက်မှာ သမန်းရင်းကျေးရွာက အသက် ၅၀ ဝန်းကျင် ဦးဌေးအောင်ကို သူနေထိုင်တဲ့ တောတွင်းက တဲမှာ ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေက လာရောက်သတ်ဖြတ်သွားတယ်လို့ ဆိုပါတယ်။
ဇွန် ၂ ရက် မနက် ၅ နာရီဝန်းကျင်ကလည်း မုန်းဇလဲကျေးရွာက အသက် ၅၅ ဝန်းကျင် ဦးအောင်ကျော်ဦးကို PDF နဲ့ ဆက်သွယ်လို့ဆိုပြီး ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းနဲ့ အဆက်သွယ်ရှိသူတွေလို့ ဒေသခံတွေက ယူဆနေကြပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း တပ်ပြေးရဲဘော်က ဖော်လို့ ထောက်ပို့လို့ ယူဆရတဲ့ ပြည်သူ ၇ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်

