မကွေး ဇွန် ၂

မကွေးတိုင်း မင်းဘူး (စကု)မြို့နယ် ကြီးကန်ကျေးရွာကို စစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကိုပြောပါတယ်။

ဇွန် ၂ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ၆ ကြိမ် လေကြောင်းတိုက်ခိုက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“အထိအခိုက်က မသိရသေးဘူး။ လေယာဉ်နှစ်စီးနဲ့ လာပြီး ပတ်ပစ်သွားတာ၊ အခုထိ စိုးရိ​မ်နေရတုန်း။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ဂျက်ဖိုက်တာ တစ်စီးက ပေါင် ၃၀၀ ဗုံးသီး ၃ ကြိမ် ကြဲချပြီး ကျန်တစ်စီးက စက်လက်နဲ့ အကြိမ်ရေများစွာ ပစ်ခတ်သွားတာလို့ သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်တာဖြစ်ပြီး စစ်ကြောင်းကတော့ စကုမြို့က အိုင်းမရွာ၊ ပင်းတလဲ ရွာတွေဘက်ကို ရောက်နေတာဖြစ်တယ်လို့ သိရပါတယ်။

အင်အား ၈၀ ဝန်းကျင်နဲ့အိုင်းမရွာ၊ ပင်းတလဲရွာတွေဘက် စစ်ကြောင်းထိုးနေတာကြောင့် အဲဒီရွာတွေအပါအဝင် ၅ ရွာနီးပါး ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

စစ်တပ်က ကြီးကန်ရွာကို ဧပြီ ၃ ရက်ကလည်း ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့ဖူးပြီး အခုတိုက်ခိုက်မှုဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ကြီးကန်ရွာကို ပထမအကြိမ် တိုက်ခိုက်မှုမှာတော့ စာသင်ကျောင်းနဲ့ နေအိမ် တချို့ပျက်စီးခဲ့ရပြီး ပြည်သူတစ်ယောက် မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.