လောင်းလုံး၊ ဇွန် ၂
တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်းတွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သွားတယ်လို့ မြို့ခံတွေအပါအဝင် စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းလုံးမြို့အခြေစိုက် မြို့မရဲစခန်းနဲ့ လဝကရုံးမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မနေ့ ဇွန် ၁ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် နှစ်နာရီကျော်အကြာ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးပါဘူး။
ဒီတိုက်ခိုက်မှုဟာ လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါ်တိုက်ပွဲ ဖော်ဆောင်တာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
လောင်းလုံးမြို့ပေါ် တိုက်ပွဲကြောင့် ဒေသခံ အများအပြား ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အင်အားရာချီပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ စစ်ပြဲ၊ ညင်းမော်၊ ဂေါ့အင်း၊ ကြက်ယက်တွင်း၊ သပြေရှောင်နဲ့ ကဒက်ကြီးစတဲ့ ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ ကဒက်ကြီးကျေးရွာရှိ နေအိမ် ခြောက်လုံးကို မီးရှို့ဖျက်ဆီဒသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်

