ကျောက်ကြီး၊ ဇွန် ၂
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ဝဲဒေါခိုကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစု သုံးဦး သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့က ကျောက်ကြီးအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ လက်နက်ကြီး ၁၅၅ မမ တစ်လုံး ပစ်ခတ်ရာကနေ ဝဲဒေါခိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝဲဒေါခိုကျေးရွာနေ အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၄၅ နှစ်အရွယ် မိခင်နဲ့ အသက် ၄၇ နှစ်အရွယ် ဖခင်ဖြစ်သူတို့ ထိမှန်သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ကျောက်ကြီးမြို့နယ်နဲ့ကျောက်တံခါးမြို့နယ်အစပ်ရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစလို့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။
စစ်ကော်မရှင်တပ်ဟာ စစ်ကြောင်းထိုးစဉ်ကာလအတွင်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း KNU ညောင်လေးပင်ခရိုင်မှာ စစ်ကော်မရှင်တပ်ရဲ့ ဟောင်ဝှစ်ဇာအပါအဝင် လက်နက်ကြီး ပစ်ခတ်မှု ၂၉ ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ဒရုန်းနဲ့တိုက်ခိုက်မှု ၃၈ ကြိမ် ပြုလုပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KPSN

