မော်လမြိုင် ၊ မေ ၂၈

အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က အွန်လိုင်း လောင်းကစားတွေကို မြေပြင်ကွင်းဆင်း တိုက်ဖျက်ဖို့ ပြောနေပေမယ့် မွန်ပြည်နယ်မှာတော့ မြေပြင်လောင်းကစားဝိုင်းတွေနဲ့ ကြက်ပျံမကျ စည်းကားဆဲလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း သမ္မတက အွန်လိုင်း လောင်းကစားတွေကို မြေပြင်ကွင်းဆင်းပြီး တိုက်ဖျက်ဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ညွှန်ကြားခဲ့တာပါ။

အွန်လိုင်း လောင်းကစားမှုတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြေပြင်ကွင်းဆင်းကာ အွန်လိုင်း လောင်းကစား တိုက်ဖျက်ရေးလုပ်ငန်းကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အာဏာသိမ်း သမ္မတက ညွှန်ကြားလာပါတယ်။

မွန်ပြည်နယ် ဒေသခံ တစ်ဦးက အွန်လိုင်း လောင်းကစားတွေကို ကွင်းဆင်း တိုက်ဖျက်ဖို့ ပြောနေပေမယ့် လက်ရှိလောင်းကစားဝိုင်းတွေဟာ သူတို့ကိုယ်တိုင် လိုင်းကြေးယူ ခွင့်ပြုထားတာကြောင့် သူပြောတဲ့ စကားတွေဟာ လက်တွေ့ မဆန်ဘူးလို့ ဝေဖန်ပါတယ်။

“လက်တွေ့ မဆန်ပါဘူးဗျာ။ သူပြောတဲ့ စကားတွေက ပါးစပ်ထဲ ရှိတာ လျှောက်ပြောနေတာပဲဟာ။ လောင်းကစားဆို ပြည်နယ်နဲ့ တိုင်းထဲမှာ အဆိုးဆုံးပဲ။ ဒီမွန်ပြည်နယ်ကြီးမှာ။ ပိုက်ဆံ ပေးနေရတာပဲ။ ဘယ်တပ်မှူးကို သွားပေး ဘယ်စစ်ဗိုလ်ကို သွားပေး ဆိုပြီးတော့ အခုဆို ပေးနေရတယ်။ကျွန်တော်တို့ လက်တွေ့ ကိုယ်တွေ့ မြင်နေရတာဘဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် မြေပြင် လောင်းကစားဝိုင်းတွေကိုတောင် အခကြေးငွေယူကာ တရားဝင်သဖွယ် ဖွင့်လှစ်ခွင့် ပြုထားတဲ့သူတွေက အွန်လိုင်း လောင်းကစားတွေကို တိုက်ဖျက်ဖို့ ဆိုတာ မဖြစ်နိုင်သလို လူကြား ကောင်းအောင်သာ ပြောဆိုတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ လောင်းကစားဝိုင်းတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက် တရားဝင် ပါမစ်နဲ့ ဖွင့်လှစ်ခွင့်ပြုထားတာပါ။

လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ခိုးဆိုးလုယက်မှုအပါအဝင် မိသားစုအလိုက် စီးပွားပျက်တာ၊ ဒေသတွင်းရှိ လူငယ်တွေကအစ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။

အခုလို လောင်းကစားဝိုင်းတွေကြောင့် လူမှုစီးပွားဘဝ ပျက်စီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပေမယ့် စစ်အစိုးရရဲ့ တာဝန်ရှိသူအဆင့်ဆင့်ကတော့ ရန်ပုံငွေ ရရှိရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လက်လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.