တနင်္သာရီ၊ မေ ၂၈
နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်းက စစ်ဘေးရှောင်ပြည်သူအများစုဟာ အမိုးအကာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အ ရေး ကူညီနေသူတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အနည်းဆုံး ၈၃၇၀၀ နီးပါး ရှိခဲ့တာပါ။
စစ်ဘေးရှောင်အရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရ အရင်က တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်တွေဟာ ပွင့်လင်းရာသီဖြစ်တာကြောင့် နီးစပ်ရာ တောတောင်တွေနဲ့ ဥယျာဉ်ခြံတွေမှာ ဖြစ်သလို တိမ်းရှောင်နေကြပြီး လက်ရှိမှာ မိုးတွင်းကာလ ရောက်ရှိလာတာကြောင့် အမိုးအကာတွေ အဓိက လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း သရက်ချောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဝင်းဝစခန်းသိမ်းတိုက်ပွဲအတွင်း ကျေးရွာအများအပြားက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အပြင် ထားဝယ်ခရိုင်အတွင်းမှာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေ ၂၆၅၀၀ နီးပါး ရှိခဲ့ပါတယ်။
လက်ရှိမှာ မိုးတွင်းကာလ ရောက်ရှိလာပြီး ဖြစ်တာကြောင့် စစ်ဘေးရှောင်အများစုဟာ အမိုးအကာနဲ့ ဆေးဝါးတွေ လိုအပ်နေပြီး မိုးရာသီမှာ ဖြစ်ပွားတက်တဲ့ ရာသီတုတ်ကွေးရောဂါအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဃောနသံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ပုလော၊တနင်္သာရီနဲ့ကျွန်းစုမြို့နယ်တို့မှာလည်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ဗုံးသီးကြဲချ တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၅၇၂၀၀ နီးပါး ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်က တနင်္သာရီတိုင်းအတွင်းရှိ သရက်ချောင်းမြို့နယ် တောက်ပျောက်တိုက်နယ်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ယူခွင့် ကန့်သတ်ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်တွေအတွက် ဆေးဝါးတွေ လိုအပ်ချက် ရှိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကလည်း စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၉၇၀၀ နီးပါး ရှိခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

