မော်လမြိုင် ၊ မေ ၂၈
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံးနေတဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ သမ္မတ ရာထူးကို ရယူထားတဲ့ ဦးမင်းအောင်လှိုင်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရအောင် တည်ဆောက်မယ်လို့ ပြောလာပါတယ်။
ဖက်ဒရယ်လို့ ဆိုရာမှာ နယ်မြေဒေသကိုပေးတဲ့ ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးတဲ့ ဖက်ဒရယ်မဟုတ်တာကိုလည်း သိရှိနားလည်နိုင်ကြဖို့ လိုတယ်လို့ မေ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာပါ။
ဒါဟာ လူမျိုးစုတိုင်းရင်းသားတွေ နေထိုင်တဲ့ မြန်မာနိုင်ငံမှာ လူမျိုးကို အခြေမခံဘဲ နယ်မြေဒေသကို အခြေခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က ဖက်ဒရယ်ပြည်ထောင်စုကို စစ်အစိုးရက တည်ဆောက်သွားမယ့် သဘောလို့ နားလည်ရပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးမှာ Bottom up Federalism ချဉ်းကပ်မှုနဲ့ ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဌာန်းနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
ဒီလိုအခြေအနေမှာ စစ်တပ်ကို ဗဟိုပြုပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်က ဖက်ဒရယ်ဆိုင်ရာ သဘောထား ထုတ်ပြောလာသလို လာမယ့် ၅ နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိဖို့ မျှော်မှန်းချက်ထား လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားက အရပ်သားအစိုးရအောက်မှာ စစ်တပ်ကို ထားရှိရမယ်ဆိုတဲ့ စံနှုန်းအပေါ် လက်မခံနိုင်ရင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်တဲ့ ငြိမ်းချမ်းရေး ရမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သေချာတာတစ်ခုက ဖက်ဒရယ်ဒီမိုကရေစီကို စစ်တပ်က ဘယ်လောက်အထိ လက်ခံနိုင်ခြေရှိမလဲဆိုတာ မေးခွန်းကြီးတစ်ခုရှိတယ်။ အဲဒါနဲ့ အခြေခံ ထပ်မေးရမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီမှာ စစ်တပ်က အရပ်သားအစိုးရအောက်မှာ ရှိရမှာပေါ့နော်။ ဒါက နိုင်ငံတကာ Principle (အခြေခံမူ) တစ်ခုရှိတယ်၊ ဒါကလည်း ဒီမိုကရေစီစံတစ်ခုဖြစ်တယ်။ အဲဒီစံကို သူတို့ (စစ်တပ်/စစ်အစိုးရ) လက်မခံရင် နောက်ထပ် ၅ နှစ် မပြောနဲ့ နောက်ထပ် နှစ်ပေါင်း ၅၀၀ လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်တဲ့ ငြိမ်းချမ်းရေးအစစ်အမှန်ကို သူတို့ ရမှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။
နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်တပ်က အစဉ်တစိုက် ပါဝင်ရေးကို ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အရပ်သားအသွင်ပြောင်းပြီး နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေတာပါ။
ဦးမင်းအောင်လှိုင်က စစ်တပ်အနေနဲ့ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး တွန်းတင်ပေးခဲ့ပြီး အဲဒီကနေ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာလည်း သူတို့ အစိုးရအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ တိုင်းနဲ့ ပြည်နယ်တွေအလိုက် လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းက ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ်အစစ်အမှန်မဟုတ်တဲ့အတွက် အာဏာခွဲဝေရေးမှာလည်း ဗဟိုအစိုးရက အများအပြား ယူထားတယ်လို့ အခုလို ရှင်းပြပါတယ်။
“သူတို့က ဘယ်လိုပဲ ဖက်ဒရယ်ပြောပြော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်သရွေ့ ဒါမှမဟုတ် မစွန့်လွှတ်သရွေ့ ဒါက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ ဖြစ်လာမှာ မဟုတ်ဘူး။ နောက်ပြီးတော့ အာဏာကျင့်သုံးတဲ့အခါမှာ ဘေးတိုက် အာဏာမျှဝေတာထက် အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ အာဏာခွဲဝေမှုပဲ သူတို့ လုပ်ခဲ့တာ ဖြစ်တယ်။ ဗဟိုကတော့ အာဏာတွေ အများကြီးယူတယ်။ သူတို့ ကြိုက်တဲ့အာဏာ ယူထားတာပေါ့။ နောက် ပြည်နယ်တွေ တိုင်းတွေမှာတော့ ဘာမှ အာဏာပါဝါ မရှိဘဲနဲ့ ဗဟိုအစိုးရကိုပဲ အကျိုးပြုတဲ့ လုပ်ငန်းတွေပဲ လုပ်ပေးရတယ်”လို့ ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်တပ်နိုင်ငံရေးကနေ ပါဝင်မှုကို အဆုံးသတ်ဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး စနစ်အပြောင်းအလဲကို ဦးတည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် စစ်တပ်ကို ဗဟိုပြုတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးတွေကနေ ရလာတဲ့ ငြိမ်းချမ်းရေးကို တော်လှန်ရေးအင်အားစုတွေက အယုံအကြည်မရှိကြဘူးလို့ ထုတ်ပြောထားကြတာပါ။
ဦးမင်းအောင်လှိုင်ကတော့ အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဘယ်လိုပဲ ဖိတ်ခေါ်ကမ်းလှမ်းနေပါစေ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုစိတ် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလိုစိတ် ရှိဖို့ လိုမယ်လို့ ပြောပါတယ်။
ဒါ့အပြင် သူတို့အစိုးရအနေနဲ့ နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့တာဟာ တစ်လခွဲကာလကို ရောက်ရှိခဲ့ပြီး နိုင်ငံရေးအရ တည်ငြိမ်အောင် စီးပွားရေးအရ အားကောင်းအောင်နဲ့ လုံခြုံရေးအရ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။
လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဆောင်သွားနိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်မှာ EAO အဖွဲ့အချို့နဲ့ အောက်ခြေအဆင့်တွေမှာ ထိတွေ့မှုတွေ ဆောင်ရွက်နေပြီလို့ ပြောကြားထားတာပါ။
အပစ်ရပ်ထိုး မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ပြန်လည်စတင်နိုင်ဖို့ အဖွဲ့တွင်း ညှိနှိုင်းနေပြီး တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးအတွက် အကျိုးရှိမှာဖြစ်လို့ သက်ဆိုင်သူတွေ အားလုံးရဲ့ ညှိနှိုင်းသဘောတူညီချက်နဲ့ လုပ်ဆောင်ရမယ့် ပန်းတိုင်တစ်ခုလို့ သူက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ တစ်နိုင်ငံလုံးအတွက် တိုင်းရင်းသားတွေအားလုံး ပါဝင်တဲ့ အကျိုးခံစားခွင့်ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်ဖို့ဆိုရင် နိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ပဲ ခေါ်ခေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလို့ပဲ ခေါ်ခေါ် အဲဒီပြည်ထောင်စုအတွက် သက်ဆိုင်သူတွေ အားလုံး ညှိနှိုင်းသဘောတူညီချက်နဲ့ ဆောင်ရွက်ရမယ့် ပန်းတိုင်တစ်ခုဖြစ်ပါတယ်။ ဒီအခင်းအကျင်းရောက်ဖို့ကိုလည်း ကျွန်တော်တို့ အများကြီး ကြိုးစားရဦးမှာပါ။ အခု အဓိကအနေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်တွေကို ပြန်စနိုင်မယ့် နည်းလမ်းကလည်းပဲ ပထမဦးဆုံး လက်တွေ့ကျကျ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်အစိုးရအနေနဲ့ နိုင်ငံ့အာဏာကို ၅ နှစ်တာ သိမ်းယူခဲ့ပြီးနောက် ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးခဲ့ပေမယ့် နိုင်ငံတကာရဲ့ တရားဝင် အသိအမှတ်ပြုမှုကို မရရှိသေးပါဘူး။
ဒီအပေါ် နိုင်ငံတကာဆက်ဆံရေးမှာ ကောင်းမွန်မှုရှိစေရေး ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ ဝန်ကြီးတွေ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ မြန်မာနိုင်ငံအတွက် အကျိုးရှိစေမယ့် ပြောဆိုဆက်ဆံမှုတွေဖြစ်ဖို့ လိုတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံမှာ ကြုံတွေ့ဖြတ်သန်းခဲ့ရတာတွေကို သင်ခန်းစာယူပြီး ကောင်းမွန်တဲ့ ဦးဆောင်မှုတွေနဲ့ နိုင်ငံရေး စီးပွားရေး ကာကွယ်ရေးတွေ တိုးတက်လာစေဖို့ နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံ့ဂုဏ်သိက္ခာ မြှင့်တင်သွားနိုင်ရေး ကြိုးပမ်းကြဖို့ အစည်းအဝေးမှာ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

