မော်လမြိုင် ၊ မေ ၂၆

စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို အကြောက်တရားသွင်းဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို ဖိနှိပ်ရေးနည်းနာတစ်ခုအဖြစ် အသုံးပြုလာခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၆ မတ်လအထိ ၅ နှစ်တာအတွင်း လေကြောင်းအသာစီးရနိုင်မှုကို အသုံးချပြီး လူနေအိမ်တွေအပါအဝင် ဘာသာရေး ၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာအဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်မှု‌ အနည်းဆုံး ၇,၀၅၂ ကြိမ် ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းရှိ ၁၈၉ မြို့နယ်မှာ အရပ်သားသေဆုံးသူဦးရေ ၄၄၂၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၇၆၄၀ ကျော်ရှိခဲ့ပြီး စာသင်ကျောင်း ၂၅၁ ကျောင်း၊ ဆေးရုံဆေးခန်း ၉၆ ခုနဲ့ ဘာသာရေးအဆောက်အဦး ၄၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒါဟာ စစ်ပွဲမှာ အရပ်သားတွေနဲ့ စာသင်ကျောင်းတွေကို မတိုက်ခိုက်ရဘူးဆိုတဲ့ နိုင်ငံတကာ စစ်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေတွေကို စစ်အုပ်စုက ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာကြောင့် စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ရဲ့ အချက်အလက်တွေအရ တစ်လအတွင်းမှာ စစ်အုပ်စုဟာ တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေကို အနည်းဆုံး ၂၄၆၈ ကြိမ် ပျံသန်းခဲ့ပြီး လေယာဉ်ဆီ အင်ပီရီယာယ်ဂါလံပေါင်း ၁ သန်းကျော် သုံးစွဲခဲ့တာမို့ အမေရိကန်ဒေါ်လာ ၂ သန်းကျော် ကုန်ကျခဲ့ရပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်စေဖို့ စစ်အုပ်စုအတွက် လက်နက်တင်သွင်းမှု တားဆီးနိုင်ရေးမူဝါဒတွေ ချမှတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကန့်သတ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပေးဖို့ လိုအပ်တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က တိုက်တွန်းထားတာပါ။

ဒါ့အပြင် စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခဲ့ကြတဲ့ တာဝန်ရှိ ကျူးလွန်ခဲ့ကြသူတွေ ထိုက်တန်တဲ့ ပြစ်ဒဏ်ခံစားနိုင်ရေးနဲ့ သူတို့ကို အရေးယူနိုင်မယ့် ယန္တရားတွေဆီ လွှဲပြောင်းနိုင်ရေးကိုလည်း အလေးအနက်ထား လုပ်‌ဆောင်သင့်တယ်လို့ ထောက်ပြပါတယ်။

တစ်ဘက်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေထဲက ထိခိုက်နစ်နာသူတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစာရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကူညီပံ့ပိုးပေးဖို့ကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဦးဆောင်တဲ့ ရွေးကောက်ပွဲအပြီး အသွင်ပြောင်း စစ်အစိုးရနဲ့ လွှတ်တော်တွေ ပေါ်လာနေပေမယ့် အရပ်သားပစ်မှတ်ကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ စစ်အုပ်စုက ဆက်လက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေအပေါ် အာဆီယံအနေနဲ့ စစ်အုပ်စုအပေါ် လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားဆီးနိုင်ရေး အရေးပေါ် အစီအမံတွေ ချမှတ်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့မှာ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်က အိတ်ဖွင့်စာ ပေးပို့ပြီး တိုက်တွန်းထားပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.