ပြည်၊ မေ ၂၆
ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသားတစ်ဦး နှလုံး သွေးကြောကျဉ်းရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။
ပြည်အကျဉ်းထာင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် အသက် ၄၉ နှစ်အရွယ် ကိုဌေးအောင်နိုင်ဟာ ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့မှာ ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကိုဌေးအောင်နိုင်ဟာ မေ ၂၁ ရက်နေ့က ဝမ်းချုပ်တာ၊ ရင်ပြည့်တာနဲ့ အသက်ရှူမဝတာစတဲ့ ရောဂါ ဝေဒနာတွေ ခံစားရတာကြောင့် ထောင်ဆေးရုံမှာ တက်ရောက်ကုသခဲ့ရပါတယ်။
အဲဒီနောက် ရောဂါ အခြေအနေဆိုးရွားလာတာကြောင့် မေ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ ပြည်မြို့နယ် ကုတင် ၅၀၀ ဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ပေမယ့် နေ့လည် ၁၁ နာရီမှာ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ PPNM က ဆိုပါတယ်။
ကိုဌေးအောင်နိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့က နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးပြီးနောက် အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-က၊ ၅၀-ညတို့နဲ့ ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခံထားရပါတယ်။
PPNM ကတော့ အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိတာနဲ့ ဖိနှိပ်ချုပ်ချယ်မှုဒဏ်တွေကြောင့် အသက်သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ တဖြည်းဖြည်း တိုးပွားလာနေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

