မုန်း၊ မေ ၂၅

ပဲခူးတိုင်း မုန်းမြို့နယ်အခြေစိုက် စစ်တပ်ဂိတ်စခန်း နှစ်ခုကို ဝင်ရောက်စီးနင်းပြီး တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့မှာ မုန်းမြို့နယ် ရွာကြီးအင်းနဲ့တောင်စုကျေးရွာကြားမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃) တပ်ရင်း(၈) က ဝင်ရောက်စီးနင်းခဲ့တာပါ။

ဒါ့အပြင် မေ ၂၃ ရက်နေ့မှာလည်း ဘီဗြဲစခန်းဘေးရှိ ထီးလေးထာနေရာမှာ နေရာယူတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို KNLA တပ်မဟာ(၃) တပ်ရင်း(၈)အဖွဲ့က ထပ်မံစီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်း သေဆုံးပြီး သေနတ် ၁၁ လက်အပါအဝင် ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNLA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မီးရထားလမ်း အမှတ် ၁၄၇ တံတားမှာ တပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.