တနင်္သာရီ၊ မေ ၂၅

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာအခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်းမှာ မွမ်းမံသင်တန်းတက်နေတဲ့ စစ်မှုထမ်းတပ်သား ခြောက်ဦး အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ် ၃ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သား ခြောက်ဦးဟာ နေပြည်တော်အခြေစိုက် အမှတ် ၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(မိုးစွေ)မှ စစ်မှုထမ်း အပတ်စဉ် ၂၂ သင်တန်းဆင်းတပ်သားတွေ ဖြစ်ပါတယ်။

သူတို့ ခြောက်ဦးဟာ ခမရ ၅၅၈ တပ်ရင်းမှာ မွမ်းမံသင်တန်း တက်ရောက်နေစဉ် ထွက်ပြေးလာပြီးနောက် မေ ၂၃ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းထံ ဆက်သွယ်အလင်းဝင်လာတာပါ။

အလင်းဝင်လာတဲ့ စစ်မှုထမ်း တပ်သားတွေဟာ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်း နေထိုင်သူတွေဖြစ်ပြီး နေအိမ်မှာ အိပ်ပျော်နေချိန်နဲ့ လမ်းခရီးသွားနေချိန်တွေမှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် စစ်သားစုဆောင်းခံခဲ့ရတာပါ။

အလင်းဝင်လာသူတွေရဲ့ ပြောပြချက်အရ ခမရ ၅၅၈ တပ်ရင်းမှာ မွမ်းမံသင်တန်းတက်နေသူ ၅၅ ဦး ရှိပြီး အဲဒီထဲမှာ အသက် ၁၆ နှစ်အရွယ် ကလေး ခြောက်ဦး ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ကလည်း တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.