မော်လမြိုင် ၊ မေ ၂၄
အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်ပြီး စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတို့ကြား မတူညီတဲ့ အခြေခံမူတွေကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်ဖို့ မရေရာတဲ့ အခြေအနေမှာ ဆက်ရှိနေပါတယ်။
နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်တပ်က အစဉ်တစိုက် ပါဝင်ရေးကို ထောက်ပံ့ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို အခြေခံပြီး စစ်အုပ်စုက ရပ်တည်နေတာပါ။
တော်လှန်ရေးအင်အားစုတွေကတော့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ စနစ်အပြောင်းအလဲကို ဦးတည်နေကြတာ ဖြစ်ပါတယ်။
ဒီလိုမျိုး လားရာ မတူတဲ့ အုပ်စုနှစ်ခုရဲ့ အခြေခံမူ ရပ်တည်ချက်တွေဟာ မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအပါအဝင် နိုင်ငံတကာက တိုက်တွန်းနေတဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ မလွယ်ကူတဲ့ အနေအထားဖြစ်ပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက နှစ်ဘက်စလုံးရဲ့ နိုင်ငံရေး၊စစ်ရေး ရပ်တည်ချက် အနေအထားဟာ ညှိနှိုင်းနိုင်တဲ့ လမ်းစ မရှိတဲ့အတွက် တွေ့ဆုံဆွေးနွေးမယ့် အာသီသလည်း ရှိမနေဘူးလို့ သုံးသပ်ပါတယ်။
“ဒီနှစ်ဘက်ကြားမှာတော့ ညှိနှိုင်းနိုင်တဲ့ လမ်းစ အနေအထားလည်း မရှိဘူး။ နှစ်ဘက်စလုံးမှာလည်း တွေ့ဆုံဆွေးနွေးမယ့် အာသီသရော အရိပ်အယောင်ရော မျှော်လင့်လို့ မရနိုင်ဘူးလို့ ကျွန်တော်တို့ ပြောရမယ် ထင်ပါတယ်။ အထူးသဖြင့် တရုတ် အာဆီယံတို့ ဘာတို့ ဒေသတွင်းနိုင်ငံတွေက တွေ့ဆုံဆွေးနွေးရေးတွေ ညှိနှိုင်းလုပ်ဆောင်ပေးမယ့် အနေအထား အရိပ်အယောင်တွေ မြင်ရပေမယ့်လို့ အာဏာသိမ်း အစိုးရဘက်နဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာတော့ အာသီသရော အခြေအနေရော အခင်းအကျင်းတွေရော ရှိမနေဘူးလို့ ကျွန်တော်တို့ ပြောရမှာ ဖြစ်တယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စုအနေနဲ့ အတိုက်အခံအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ သဘောထား ပြသလာတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒါပေမယ့် တစ်ဘက်မှာ စစ်ရေးအရ တန်ပြန်တိုက်ခိုက်နေပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် လက်လွှတ်ထားရတဲ့ နယ်မြေတချို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာပါ။
ဒီအပေါ် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက ယုံကြည်မှု တည်ဆောက်လို့မရရင် ဘာမှ လုပ်လို့ မရဘူးလို့ တုံ့ပြန်ထားပြီး ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို စစ်တပ်ဘက်က လက်ခံနိုင်ရင် အခြေအနေက ပြောင်းလဲနိုင်မယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ဖြေကြားထားတာပါ။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ NUG အပါအဝင် K3C လို့ ခေါ်တဲ့ KIO ၊ CNF ၊ KNU နဲ့ KNPP တို့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကနေ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို ထပ်မံအတည်ပြုထားပြီး ဖြစ်ပါတယ်။
အဲဒီ နိုင်ငံရေးဦးတည်ချက်တွေထဲမှာ စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး စစ်တပ်နိုင်ငံရေးကနေ ပါဝင်မှုကို အဆုံးသတ်ဖို့ဆိုတဲ့ အဓိကအချက်တွေဟာ စစ်အုပ်စုက အခြေခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ ဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က နှစ်ဘက်စလုံးရဲ့ ကမ်းလှမ်းချက်တွေဟာ ဘယ်လိုမှ ညှိနှိုင်းနိုင်မှာ မဟုတ်သလို စစ်တပ်အနေနဲ့ နေရာတကာ လိုက်ပါနေတဲ့ ပုံစံမျိုး မပြောင်းသရွေ့ တွေ့ဆုံဆွေးနွေးပွဲဟာ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“မြန်မာ့အကျပ်အတည်း ဖြေရှင်းတဲ့ စကားဝိုင်းဆွေးနွေးပွဲသည် ပါဝင်တဲ့ အစုအဖွဲ့တွေဟာ လူထုဆန္ဒအရပဲ ဖြစ်ရမယ်လို့ ယူဆတယ်။ ဒါကြောင့်မို့ ဘက်နှစ်ဘက်က သူတို့ OFFER (ကမ်းလှမ်းချက်) တွေ ခေါ်ထားတာတွေကတော့ ဘယ်လိုမှ ညှိနှိုင်းလို့ ရမှာ မဟုတ်ဘူး။ ပြီးတော့ စစ်တပ်အနေနဲ့လည်း နေရာတကာ လိုက်ပါနေတဲ့ ပုံစံမျိုးနဲ့ ငါတို့ ဖန်တီးမှ ငြိမ်းချမ်းရေးရမယ်ဆိုတဲ့ ပုံစံမျိုးလုပ်နေတာ မပြောင်းသရွေ့ကတော့ နိုင်ငံရေးအဝန်းအဝိုင်းထဲကနေပြီးတော့ ဆက်ရှိနေမယ်လို့ ဆုံးဖြတ်ချက်ချထားသရွေ့ကတော့ ဒီတွေ့ဆုံဆွေးနွေးပွဲက အဆင်ပြေပြေနဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ဟိုဘက် ဒီဘက် လျှော့စရာဆိုလို့ main principles (အဓိက အခြေခံမူများ) တွေကတော့ လျှော့လို့ ရမှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အာဏာသိမ်းမှု ၅ နှစ်အတွင်း တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကလွဲရင် စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတို့ကြား စားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့သလို လက်ရှိ အနေအထားမှာလည်း နှစ်ဘက်စလုံးက အလျှော့အတင်းမရှိတဲ့ အခြေအနေပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က စစ်တပ်အနေနဲ့ နိုင်ငံရေးအဝန်းအဝိုင်းကနေ ထွက်သွားရမှာဖြစ်ပြီး ကျူးလွန်ထားတဲ့ ပြစ်မှုတွေအပေါ် တာဝန်ခံရမယ်ဆိုတဲ့ အခြေအနေမျိုး မဖြစ်ရင် ဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်နိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ပြည်နယ်ယူနစ်တစ်ခုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီး ဘာမှ ချမှတ်ထားတာ မရှိသလို လောဆယ်မှာ စစ်အနိုင်တိုက်ရေးကိုပဲ ဦးစားပေးနေတယ်လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့လို မွန်ပြည်ဖက်ဒရယ်ကောင်စီက ပြည်နယ်ယူနစ်တစ်ခုအနေနဲ့ ကျွန်တော်တို့မှာ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ဘာမှ ချမှတ်ထားတာ မရှိသေးဘူး။ လောလောဆယ်ကတော့ ကျွန်တော်တို့ စစ်အနိုင်တိုက်ရေးကိုပဲ ဦးစားပေးနေတဲ့ အနေအထားမျိုး ရှိတယ်။ တကယ်လို့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အနေအထားမျိုး သဘောတူခဲ့သည်ရှိသော် သဘောတူမယ်ဆိုရင် ဒီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အအစည်းတွေ နွေဦးတော်လှန်ရေးမှာ ပေါ်လာတဲ့ အဖွဲ့အစည်းတွေ အားလုံး တောင်းဆိုတဲ့ တောင်းဆိုချက်တွေ ရနိုင်မှပဲ ဖြစ်နိုင်မယ်”လို့ ဆိုပါတယ်။
နိုင်ငံ့အာဏာ သိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အခုအခါမှာ အပိုင်းလိုက်ရွေးကောက်ပွဲကနေ အရပ်သားအသွင်ပြောင်း အစိုးရအဖြစ် ပုံဖော်နေပြီး နိုင်ငံရေးအရ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ရေးနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းလာနေတာပါ။
ပြီးခဲတဲ့ ဧပြီမှာ စစ်အစိုးရက ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဇူလိုင် ၃၁ ရက်နေ့ မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး PDF တွေကိုတော့ လက်နက်ချ အလင်းဝင်ခိုင်းတာ ဖြစ်ပါတယ်။
စစ်ရေးအရလည်း အခုနှစ်ဆန်းပိုင်းကစပြီး လက်ရှိအချိန်အထိ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေထဲက တချို့ကို အင်အားအလုံးအရင်းသုံးပြီး မြေပြင်ဝေဟင် ပေါင်းစပ်အားနဲ့ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လာနေပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်မှာတော့ အခြေပြုမှု မတူညီတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA ကို စုဖွဲ့ထားသလို NUG နဲ့ မဟာမိတ် တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် နိုင်ငံရေးအရ စုစည်းညီညွတ်တဲ့ အင်အားစုတွေဖြစ်ဖို့ စိန်ခေါ်မှုတွေ ဆက်ရှိနေပြီး စစ်ရေးမှာလည်း ခြေကုန်လက်ပန်းကျမှုနဲ့အတူ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် ဖိအားတွေလည်း ရှိနေတယ်လို့ ထောက်ပြတာတွေလည်း ရှိနေတာပါ။
ဒါကြောင့် စစ်ရေး နိုင်ငံရေး ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ နိုင်ငံတကာရဲ့ တွန်းအားတွေကို တုံ့ပြန်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ရေးအပြင် နိုင်ငံရေးအရ တစ်စုတစ်ဖွဲ့တည်း အခင်းအကျင်းကို ပြင်ဆင်ဖို့ အရေးကြီးတယ်လို့ ကိုနောင်ရိုးက အကြုံပြုပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

