တနင်္သာရီ၊ မေ ၂၄
တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာပြီး မြေပြင်မှာလည်း စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစလို့ တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေဖြစ်တဲ့ သရက်ချောင်း၊ ပုလောနဲ့တနင်္သာရီမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ တနင်္သာရီတိုင်းအတွင်း အရင်က တစ်ခါမှ အသုံးမပြုရသေးတဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲမှုတွေပါ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်းရဲ့ မြို့နယ် သုံးခုမှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အရပ်သား သုံးဦး သေဆုံးပြီး ငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသလို စာသင်ကျောင်းအပါအဝင် နေအိမ် ဆယ်နဲ့ချီ ဆုံးရှုံးပျက်စီးခဲ့ပါတယ်။
တနင်္သာရီတိုင်းရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ဗိုလ်ချုပ် ကျော်လင်းမောင် ရာထူးတိုးမြှင့်ခံရပြီးနောက် ပိုလုပ်လာတာလို့ ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ မေ ၂၂ ရက်နေ့ကစလို့ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ပိုင်းကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ လုံခြုံရေးအထူးသတိပြုကြဖို့ ထားဝယ်ခရိုင် သပိတ်ကော်မတီက သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

