တနင်္သာရီ၊ မေ ၂၄
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၁ ရက် ညနေ ၆ နာရီခွဲအချိန်လောက်မှာ ညောင်းပင်ကွင်းကျေးရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းကနေ ကျွဲထိန်းကုန်းကျေးရွာထဲကို လက်နက်ကြီး နှစ်လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျွဲထိန်းကုန်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ဦးခေါင်းမှာ လက်နက်ကြီးကျည်အစ ဖောက်ဝင်ဒဏ်ရာရပြီးနောက် သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး ခြေထောက်ပြတ်တောက်ဒဏ်ရာ၊ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး ခြေထောက်ဒူဆစ်ကျိုး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ ကျွဲထိန်းကုန်းကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာထဲကို ရည်ရွယ်ရှိရှိ လက်နက်ကြီး ပစ်ခတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် အထူးသတိပြု နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်ရဲ့ ပါရာမော်တာနဲ့ ဗုံးကြဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ အခုလအတွင်း စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတာကြောင့် ဒေသခံအရပ်သားပြည်သူ မကြာခဏဆိုသလို ထိခိုက်သေဆုံးမှု ရှိနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

