ကျောက်ကြီး၊ မေ ၂၄

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ကျေးရွာမှာ စစ်ကော်မရှင်တပ် လက်နက်ကြီးကြောင့် အဘိုး တစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၂၃ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က ကျောက်ကြီးမြို့နယ် နတ်သံကွင်းအခြေစိုက် စစ်ကော်မရှင်တပ်ကနေ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ခတ်ရာမှ တောကြောင်ပေါက်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် တောကြောင်ပေါက်ကျေးရွာနေ အသက် ၇၅ နှစ်အရွယ် အဘိုး စောလှမောင်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။

အဲဒီနေ့မှာ တုံးတံတားရှိ စစ်ကော်မရှင်တပ်က မအူပင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဦးစိုးမင်းရဲ့ နေအိမ် တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းကျေးရွာမှာ စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အရပ်သားပြည်သူလူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေတာကြောင့် အရပ်သားပြည်သူတွေ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့မှုများစွာနဲ့ အသက်ရှင်နေထိုင်နေရတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.