သရက်ချောင်း၊ မေ ၂၂
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ မေ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ မြိတ်လေတပ်က တက်လာတဲ့ စက်တပ်လေထီး သုံးစီးဟာ ဥတ္တူကျေးရွာကို လေကြောင်းကနေ ဗုံးကြဲသွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဥတ္တူကျေးရွာနေ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီဗုံးကြဲမှုအတွင်း ဥတ္တူကျေးရွာက နေအိမ် နှစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတချို့ ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၂၀ ရက်နေ့ကလည်း တနင်္သာရီတိုင်း ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ စက်တပ်လေထီးနဲ့ဗုံးကြဲမှုကြောင့် သက်ကြီးပိုင်း အမျိုးသား တစ်ဦး သေဆုံးထားပါတယ်။
တနင်္သာရီတိုင်းမှာ အခုလအတွင်း စစ်ကော်မရှင်တပ်ဟာ စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

