မော်လမြိုင်၊ မေ ၂၁
အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်တွေဟာ မဟာဗျူဟာမြောက် စစ်ဆင်ရေးအပါအဝင် ရှေ့လုပ်ငန်းစဉ်တွေအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မေ ၂၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုဟာ အခုနှစ်အတွင်း NUG ပြည်ထောင်စု ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ ဝန်ကြီးတွေရဲ့ လူချင်းတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
တွေ့ဆုံပွဲမှာ မဟာဗျူဟာမြောက်စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေအပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF နဲ့ ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဖက်ဒရယ်ယူနစ်နဲ့ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်တွေလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီတွေ့ဆုံပွဲကို ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးစိုးသူရထွန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဒေါ်ရွှေပုံ၊ ပညာရေးဝန်ကြီး ဂျာထွယ်ပန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒေးဗစ်ဂွမ်အောင်တို့ တက်ရောက်ခဲ့ကြပါတယ်။
NUG ဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းဟာ အဲဒီတွေ့ဆုံပွဲပြီးနောက် စီမံကိန်း၊ဘဏ္ဍာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်နဲ့ မြန်မာ့နွေဦးဘဏ် SDB တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေနဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

