မော်လမြိုင် ၊ မေ ၂၃

အာဏာသိမ်း စစ်အစိုးရရဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို လာမယ့် ဇွန် ၉ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေထံကနေ သိရပါတယ်။

ဒီအစည်းအဝေးမှာ ကိုယ်စားလှယ်တချို့က မေးခွန်းမေးမြန်းတာနဲ့ အဆိုတင်သွင်းတာတွေ ရှိမှာဖြစ်ပေမယ့် ဘယ်အကြောင်းအရာတွေကို မေးခွန်းမေးမြန်းမှာလဲဆိုတာ မသိရသေးပါဘူး။

ဒေသခံတွေကတော့ လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းတွေ၊ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံနေမှုတွေကို မေးခွန်းမေးမြန်းပေးကြဖို့ လိုလားနေပါတယ်။

ဒါ့အပြင် ဒေသတွင်း တရားဥပဒေစိုးမိုးရေး၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးမမှန်တာ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ ဌာနဆိုင်ရာတွေရဲ့ အဂတိ လိုက်စားမှုတွေကို မေးခွန်းမေးမြန်းပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။

တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကစလို့ ရှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့မှာ လွှတ်တော် နောက်ဆုံး အစည်းအဝေး ကျင်းပခဲ့တာပါ။

တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ပထမပုံမှန်အစည်းအဝေးမှာ မွန်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နဲ့ ပြည်နယ်စာရင်းစစ်ချုပ်တို့ကို အတည်ပြုခန့်အပ်ခဲ့ပြီး လွှတ်တော်ရေးရာ ကော်မတီ ငါးခုကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

အာဏာသိမ်း စစ်အစိုးရရဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးကို ဇွန် ၂ ရက်မှာ စတင်ကျင်းပသွားမှာ ဖြစ်ပြီး ပြည်တော်စုလွှတ်တော် အစည်းအဝေးကိုလည်း ဇွန် ၄ ရက်နေ့မှာ ခေါ်ယူသွားမယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.