ဖာပွန်၊ မေ ၂၃

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေးအတွက် အာဏာသိမ်း စစ်တပ်ဟာ ကမမောင်းမြို့မှာ အင်အား ၂၀၀၀ ကျော် စစ်ကူပို့ဆောင်ထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေအပြင် ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ ပြန်စိုးမိုးနိုင်ရေး၊ ဖာပွန်ဗျူဟာဆီ စစ်ကူပေးပို့နိုင်ရေးအတွက် မေလ ၅ ရက်နေ့ကလို့ ကမမောင်းမြို့သို့ စစ်အင်အားအလုံးအရင်း ပို့ဆောင်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသကနေ သံလွင်မြစ်ကိုဖြတ်ကျော်ပြီး ဖာပွန်မြို့နယ် ကမမောင်းမြို့မှာ နေ့စဉ် အင်အားအများအပြား ဖြည့်ဆည်းလာကာ ကမမောင်းကနေ စစ်ကြောင်း ၃ ကြောင်းနဲ့ ကတိုင်တိကျေးရွာဘက်ကို ဦးတည်ပြီး စစ်ရေးဝင်ရောက်လှုပ်ရှားနေတာပါ။

စစ်ကော်မရှင်တပ်က လေကြောင်း လက်နက်ကြီး ဒရုန်းပစ်ကူတွေ အကူအညီရယူကာ ကတိုင်တိကျေးရွာကို ဦးတည်လာကာ စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့တာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ပွဲမှာ စစ်ကော်မရှင်တပ်က အထိအခိုက်များနေပြီး စစ်ကော်မရှင်တပ်စစ်ကြောင်းတွေဟာ ကတိုင်တိမရောက်ခင် မော်လော်ကလိုးကျေးရွာတစ်ဝိုက်မှာ ကျော်လွန်ရောက်ရှိနေပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်က ဆိုထားပါတယ်။

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်က လက်နက်ကြီး ဒရုန်း လေကြောင်းပစ်ကူတွေ အပြင်းအထန်အသုံးပြုနေတာကြောင့် စစ်ကြောင်းဝင်ရောက်လာရာ လမ်းတစ်လျှောက်က ကျေးရွာတွေအများအပြားဟာ ရွာလုံးကျွတ် အိမ်တွေ ထိခိုက်ပျက်စီးသွားပြီး ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ မတ်လ ဧပြီလတွေအတွင်းက တပ်မဟာ ၅ နဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တို့ပူးပေါင်းပြီး စစ်ကော်မရှင်တပ်ရဲ့ ကဘော်တူ၊ ထဲနယ်ကျိုး၊ ကော်သွေးကျိုးစခန်း ၃ ခုတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

စစ်ခေါင်းဆောင်ဟောင်းလည်းဖြစ် သမ္မတရာထူးနေရာယူထားတဲ့ ဦးမင်းအောင်လှိုင်ကတော့ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က ဖိတ်ခေါ်ထားပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ စစ်ကော်မရှင်တပ်ရဲ့ ငြိမ်းချမ်းရေးဟန်ပြ ဖိတ်ခေါ်မှုကို လုံးဝလက်မခံဘူးလို့ တုံ့ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်နေစဉ်အတောအတွင်း KNU ထိန်းချုပ်နယ်မြေအပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ နယ်မြေဒေသတွေကိုပါ စစ်ကော်မရှင်တပ်က အပြင်းအထန်ထိုးစစ်ဆင်လာတာကြောင့် စစ်ရေးတိုက်ပွဲတွေဟာ ဒီလထဲမှာ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.