နေပြည်တော် ၊ မေ ၂၃

အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်မှုယန္တရား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်အစိုးရရဲ့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

မေ ၂၂ ရက်နေ့က Video Conferencing စနစ်နဲ့ ပြုလုပ်ခဲ့တဲ့ ၂၃ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ခဲ့ပြီး ပြည်သူ့ကိုယ်စားလှယ်‌တွေ ပါဝင်တဲ့ လွှတ်တော်တွေနဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာပြီလို့ ဆိုပါတယ်။

အလားတူ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေး ခရီးလမ်းခိုင်မာစေဖို့ နိုင်ငံတော်နဲ့ ကိုက်ညီတဲ့ ဒေသအခြေခံဖက်ဒရယ်စနစ်ကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်မှုယန္တရားတွေကို အရှိန်မြှင့်ဖို့ သူက ပြောဆိုခဲ့တာပါ။

ဒါဟာ စစ်တပ်အနေနဲ့ အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံတည်ငြိမ်ရေးအတွက် လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးနဲ့ စားပွဲဝိုင်းပေါ် ရောက်ဖို့ စစ်ရေးအရ တော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးလာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်အနေနဲ့ ဝါရင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောနိုင်ဖို့ ရခိုင်၊ ချင်းနဲ့ စစ်ကိုင်းဘက်ကို စစ်ရေးအရ စိတ်ကြိုက်ဖိလာနိုင်တယ်လို့ အခုလို သုံးသပ်ပါတယ်။

“ကျန်ရှိနယ်မြေတွေကို ထိုးစစ်ဆင်ဖို့က အဓိက ရခိုင်နဲ့ ချင်းနဲ့ပဲ၊ ပြီးရင် စစ်ကိုင်းပါမယ်။ အဓိကတော့ ဖက်ဒရယ်လို့ တွင်တွင်ပြောနေတာက သူတို့ တမင်အကြံအစည်နဲ့ကို ပြောနေတာ။ အခုလက်ရှိ အနေအထားကလည်း စစ်ပွဲတွေကို ကြည့်မယ်ဆိုရင် စစ်တပ်ဘက်က ပြောင်ပြောင်မြောက်မြောက် ဗျူဟာမြောက် တိုက်သွားနိုင်တဲ့ အနေအထားမျိုး မတွေ့ရဘူး။ ကျွန်တော့် တစ်ကိုယ်ရေအနေအထားနဲ့ မြင်သလောက်ပြောရမယ်ဆိုရင် ချီပြီး တုတ်ပြီး ရိုက်နေတဲ့ အနေအထားမျိုးပဲ။ အဲဒီတော့ ဝါရင့် သမ္ဘာရင့် ERO တွေနဲ့ အချင်းချင်း ပြောပြီးခါမှ ကျန်တဲ့ ဖက်ဒရယ်ဆိုပြီး ပြောလို့မရတဲ့ နေရာမျိုးပေါ့။ အဲဒါကြောင့် ကျွန်တော်မြင်တာ ရခိုင်ရယ် ချင်းရယ် စစ်ကိုင်းရယ်ကိုတော့ စိတ်ကြိုက်ဖိလာမယ့် အနေအထားမျိုးပေါ့”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီမှာ အာဏာသိမ်း စစ်အစိုးရက ငြိမ်းချမ်းရေးအတွက် အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ဇူလိုင် ၃၁ ရက်နေ့ မတိုင်ခင် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားတာပါ။

ဒါပေမယ့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ပါဝင်နေကြတဲ့ အပစ်ရပ်ထိုးနဲ့ အပစ်ရပ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဲဒီကမ်းလှမ်းချက်အပေါ် အယုံအကြည်မရှိလို့ ပယ်ချထားကြပါတယ်။

ဒီအခြေအနေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက စစ်အစိုးရအနေနဲ့ အတိုက်အခံအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့ သဘောထား ပြသလာတယ်လို့ ထုတ်ပြောထားတာပါ။

ဒါပေမယ့် တစ်ဘက်မှာ စစ်တပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေအပါအဝင် လက်လွှတ်ထားရတဲ့ နယ်မြေတချို့ကို အင်အားအလုံးအရင်း သုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ချင်းပြည်နယ်က ကန်ပက်လက်မြို့ကို စစ်တပ်က ထိုးစစ်ဆင်နေပြီး မြို့အနီးအနားအတွင်း တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့က မေ ၂၁ ရက်နေ့မှာ အသိပေးထားတာပါ။

ချင်း-မကွေးအစပ် ယောဒေသ ဆောမြို့နယ်ကနေ ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်မယ့် စစ်တပ်ရဲ့ အင်အားအလုံးအရင်းပါတဲ့ စစ်ကြောင်းဟာ အဲဒီမြို့တွေနဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေအထိ ရောက်ရှိလာနေတယ်လို့ ဒေသအခြေဆိုက် တော်လှန်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်တပ်အနေနဲ့ ချင်း-မကွေးအစပ်ကနေ ရခိုင်ပြည်နယ်ကို ဦးတည်လိုတဲ့ အနေအထားမျိုး ရှိပေမယ့် မိုးရာသီမှာ စစ်ဆင်တာဟာ အရှုံးပဲလို့ သူ့အမြင်ကို ပြောပါတယ်။

“ရဲဝင်းဦးကတော့ လတ်တလောမှာ စစ်ပွဲတွေမှာ အရေးသာလာတာဆိုတော့ သူ ဆုံးဖြတ်ချက်တစ်ခုတော့ မှားသွားတာ ကျွန်တော်တို့ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ မိုးတွင်းမှာ စစ်ဆင်မယ်ဆိုတဲ့ဟာမျိုးကို သွားပြောလိုက်တယ်။ ဒါပေမယ့် ဒါကလည်း ဖြစ်ချင်မှ ဖြစ်မှာပေါ့။ ဒါပေမယ့် ချင်းတောင်နဲ့ ရခိုင်မှာ မိုးရာသီမှာ စစ်တပ်အနေနဲ့ အရှုံးပဲ။ ဘာလို့လဲဆို အခုသူတို့ သွားမယ့် လမ်းကြောင်းက မင်းတပ်ကနေ မတူပီ၊ မတူပီကနေ ပလက်ဝ၊ ပလက်ဝကနေမှတဆင့် ကျောက်တော်၊ မင်းပြား အဲဒီဘက်တွေကို သူတို့က သွားရမှာ။ အဲဒီတော့ ရခိုင်ပြည်နယ်ရဲ့ အနေအထားမှာ တောင် မြောက်သွားလို့ လွယ်တယ်။ အခုသူတို့ သွားမယ့် ခရီးစဉ်က အရှေ့အနောက် ကန့်သတ်ချက်တွေ အများကြီးရှိတယ်”လို့ ဆိုပါတယ်။

စစ်တပ်ကို တပ်ချုပ်တာဝန်နဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စတင်ဦးဆောင်တဲ့ ကာလတွေအတွင်း ချင်းပြည်နယ်က ဖလမ်းမြို့နဲ့ တွန်းဇံမြို့အပါအဝင် စစ်ကိုင်းတိုင်းက အင်းတော်မြို့ နဲ့ မော်လူးမြို့ ၊ တနင်္သာရီက မောတောင်မြို့တို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်း အဲဒီမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ လနဲ့ချီကြာတဲ့ စစ်ဆင်ရေးတွေကို မြေပြင်ဝေဟင်ပေါင်းစပ်အားနဲ့ တဆင့်ချင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ရလဒ်တွေရှိနေတဲ့အပေါ် စစ်တပ်အနေနဲ့ မိုးရာသီ ရောက်ရှိလာမှာဖြစ်လို့ စစ်ဆင်ရေးတွေ ရပ်နားတာ ဒါမှမဟုတ် လျှော့ချတာ လုံးဝ မလုပ်ဘဲ အရှိန်မြှင့်တိုက်ခိုက်သွားဖို့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ညွှန်ကြားထားတယ်လို့ သတင်းဌာနတချို့က ဖော်ပြထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.