လာပူလာပူ စီးတီး၊ မေ ၉
မြန်မာ့ပြဿနာကို ဖြေရှင်းရေး ကြိုးပမ်းရာမှာ တိုးတက်မှု အခြေအနေ နှေးကွေးနေတာနဲ့ ပတ်သက်လို့ အာဆီယံ ခေါင်းဆောင်တွေ စိတ်ပျက်နေကြပြီလို့ ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျူနီယာက မေ ၈ ရက်မှာ ပြောလိုက်ပါတယ်။
၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေး အဆုံးသတ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ မားကို့စ်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆူးငြောင့်ခလုတ် များတဲ့ ပြဿနာ တစ်ခု ဖြစ်ပြီး လောလောဆယ် အထိ သိသာတဲ့ အခြေအနေတွေ မရှိသေးဘူးလို့ ပြောပါတယ်။
ကျွန်တော်တို့ လုံလောက်တဲ့ ဆောင်ရွက်မှုတွေ မလုပ်ထားသေးဘူးလို့ မယုံကြည်တာအသေအချာပါ။ ဒါပေမဲ့ မေးခွန်းက ခြားနားမှု ရှိပါတယ်။ မေးခွန်းက ကျွန်တော်တို့ ဘာတွေပိုလုပ်ပေးလို့ ရမလဲ။ ပြီးတော့ ဆွေးနွေးမှုတွေကို ဘယ်လို လမ်းညွှန်မလဲ ဆိုတာပဲ ဖြစ်ပါတယ်လို့ ဖိလစ်ပိုင် သမ္မတက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ လုပ်ငန်းစဉ် မရွေ့မလျား ဖြစ်နေတာကြောင့် အဖွဲ့ဝင်တွေ စိတ်ပျက်နေကြတာ အသေအချာပါပဲ။ ဒါပေမဲ့ အရွေ့ရှိတယ်ဆိုရင်လည်း အရမ်း နည်းနည်းလေးပဲ ဖြစ်ပါတယ်။ ဒီအချိန်အထိ ကျွန်တော်တို့ မျှော်လင့်ထားသလောက် မရွေ့လျားတာ အသေအချာပါပဲလို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
မြန်မာကလည်း လက်ခံခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ် ရရှိခဲ့ပေမယ့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှု တစ်စုံတစ်ရာ မမြင်တွေ့ရသေးပါဘူးလို့လည်း မားကို့စ်က ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်အရ အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်တန့်ရေး၊ မြန်မာ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီ ပေးပို့ခွင့်ရရှိရေး တောင်းဆိုထားပါတယ်။
နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ဖြစ်ပြီး အာဆီယံ ပြောရေးဆိုခွင့်ရှိသူ ဒိုမီနစ် ဇာဗီယာ အင်ပါရီရယ်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင်တွေ ဘုံသဘောတူညီမှု မရသေးဘူးလို့ စောစောပိုင်းမှာ ပြောထားပါတယ်။
ဒါပေမဲ့ မားကို့စ် အတွက်ကတော့ မြန်မာကို နောက်ထပ် အသိအမှတ်ပြုဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။
အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုကို လေးစားတာမျိုးလို အာဆီယံ အဖွဲ့လည်ပတ်နေတဲ့ အဓိက မူဝါဒတွေကို တစ်ခုမှ စွန့်လွှတ်မှာ မဟုတ်ကြောင်း မားကို့စ်က ဆိုတာပါ။
ဒါပေမဲ့ မြန်မာနိုင်ငံ အခြေအနေ ပုံမှန်ပြန်ဖြစ်ရေး ပြီးမြောက်အောင် လုပ်ဆောင်ဖို့ တစ်ခုခု လိုနေတယ်ဆိုတာကိုတော့ သဘောတူကြတယ်လို့ မားကို့စ်က ပြောပါတယ်။
ခေါင်းဆောင်တွေအနေနဲ့ ဘယ်လို အကြံမျိုးမဆို ရှာဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဖြေမရှိ ဖြစ်နေတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
၂၀၂၆ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ သူ့ကိုယ်သူ သမ္မတ ခန့်ထားသူ မင်းအောင်လှိုင် မတက်ရောက်ခဲ့ဘဲ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဟော်ခန်ဆန်းပဲ တက်ရောက်ခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီမှုကို အကောင်အထည် ဖော်ပါမယ်လို့ မင်းအောင်လှိုင်က ကတိပေးထားခဲ့ပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအရ အကောင်အထည် မဖော်နိုင် ဖြစ်နေပါတယ်။
ထိုင်းကတော့ မြန်မာကို အာဆီယံနဲ့ ပြန်လည်စေ့စပ် ဆက်ဆံရေး ကူညီပေးသွားမယ်လို့ ပြောထားပြီး မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မကြာခင် အွန်လိုင်းက တွေ့ဆုံဖို့ ရှိတယ်လို့ ပြောဆိုထားပါတယ်။
Ref:GMA News Online

