ဝါရှင်တန်၊ မေ ၉
နာဇီ ဂျာမနီအပေါ် ဆိုဗီယက် ပြည်ထောင်စုက အောင်ပွဲရရှိမှု အခမ်းအနားအတွက် နှစ်နိုင်ငံ ကြေညာထားတဲ့ သီးခြားအပစ်အခတ်ရပ်စဲမှုတွေကို ချိုးဖောက်ကြောင်း ရုရှားနဲ့ ယူကရိန်း အပြန်အလှန် စွပ်စွဲခဲ့ကြပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နှစ်နိုင်ငံကြား သုံးရက် အပစ်ရပ်မှာ ဖြစ်ကြောင်း ကြေညာပါတယ်။
ဒီအပစ်အခတ်ရပ်စဲမှုမှာ ရွေ့လျားသွားလာမှု အားလုံး ရပ်ဆိုင်းတာနဲ့ တစ်နိုင်ငံချင်းစီက အကျဉ်းသား ၁၀၀၀ စီ လဲလှယ်မှုလည်း ပါဝင်မှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။
အပစ်အခတ် ရပ်စဲမှုမှာ ယူကရိန်း ပါဝင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမှာ ဇီလန်စကီးက အတည်ပြုပြီး မကြာခင် ရုရှား နိုင်ငံပိုင် မီဒီယာကလည်း အဲဒီ အဆိုပြုချက်ကို ရုရှား သဘောတူထားတယ်လို့ ကြေညာခဲ့ပါတယ်။
စောစောပိုင်းက နှစ်နိုင်ငံစလုံး သူတို့ရဲ့ တပ်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ကြပြီး မော်ကို မြို့တော်ဝန်က ညပိုင်းမှာ မိမိတို့မြို့ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံကြား သုံးရက် အပစ်အခတ်ရပ်စဲဖို့ မိမိကိုယ်တိုင် တောင်းဆိုခဲ့တာ ဖြစ်ပြီး သမ္မတ ဗလာဒီမာ ပူတင်နဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ရဲ့ ဒီသဘောတူညီမှုကို မိမိ အများကြီး တန်ဖိုးထားတယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။
ပူတင်က ဆိုဗီယက် ပြည်ထောင်စုအောင်ပွဲနေ့မတိုင်ခင် မေ ၈ ရက်နဲ့ ၉ ရက် အပစ်ရပ်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
ယူကရိန်းက မေ ၆ ရက်က စတင်ပြီး အချိန်အကန့်အသတ်မရှိ အပစ်ရပ်ဖို့ စောစောပိုင်းက တောင်းဆိုခဲ့ပါတယ်။
ရင်ပြင်နီမှာ ကျင်းပမယ့် အောင်ပွဲ စစ်ရေးပြပွဲကို မတိုက်ခိုက်ဖို့လည်း ရုရှားက ယူကရိန်းကို သတိပေးထားပါတယ်။
မော်စကို တိုက်ခိုက်ခံရရင် ကိဗ်မြို့ မြို့လယ်ခေါင်ကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက ခြိမ်းခြောက်ထားပါတယ်။
မေ ၉ ရက် မတိုင်ခင် ယူကရိန်းမြို့တော်ကနေ နိုင်ငံခြား သံတမန်တွေ ထွက်သွားကြဖို့လည်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။
နှစ်နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အနေနဲ့ အဲဒီ စစ်ရေး ပြပွဲမှာ စစ်လက်နက်တွေ ပါဝင်မှာ မဟုတ်ပါဘူး။
ရုရှားမြို့တော်မှာလည်း ယူကရိန်းက အနှောင့်အယှက် ပေးဖို့ ကြိုးစားလာနိုင်တဲ့အတွက် သတိထားမှု အဆင့်ဆိုးမြှင့်ထားပါတယ်။
အဲဒီ အခမ်းအနားကြောင့် မော်စကိုသို့ နိုင်ငံခြား ဧည့်သည်တွေ အများကြီး လာရောက်လေ့ ရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘီလာရု့ဇ်၊ မလေးရှားနဲ့ လာအို ခေါင်းဆောင်တွေနဲ့ အခြားဧည့်သည် အနည်းငယ်ပဲ တက်ရောက်မှာ ဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ဓာတ်အားပေး စနစ်တွေကို တိုက်ခိုက်မှုတွေ ပိုများလာနေပြီး ရေရှည်တည်တံ့မယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ ခက်ခဲနေပါတယ်။
ယူကရိန်းက နယ်စပ်ရှိ အရပ်သား ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးက စွပ်စွဲထားပါတယ်။
မေ ၆ ရက် စတင်ပြီး အချိန် အကန့်အသတ်မရှိ အပစ်ရပ်ရေး မိမိတို့ရဲ့ အဆိုပြုချက်ကို ရုရှားက ဥပေက္ခာပြုထားတယ်လို့ ယူကရိန်းက စွပ်စွဲပါတယ်။
ကရင်မလင် နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်ကတော့ ရုရှားအနေနဲ့ ဆွေးနွေးလိုပေမယ့် အဲဒီလို ဆက်သွယ်မှုတွေကို မိမိတို့ကိုယ်တိုင် စတင်သွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
Ref:BBC

