တနင်္သာရီ၊ မေ ၇

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး ဘက်ပြောင်းခိုလှုံလာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ခမရ ၅၆၁ တပ်ရင်းက တပ်သား နှစ်ဦးဟာ ပြီးခဲ့တဲ့ မေ ၆ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄) နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေထံ ဘက်ပြောင်းခိုလှုံလာတာပါ။

ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား နှစ်ဦးဟာ MA 1 သေနတ် တစ်လက်၊MA 11 သေနတ် တစ်လက်၊ ကျည်ဆံ ၂၄၄ တောင့်၊ ကျည်ဘောင် ခုနှစ်ခု ယူဆောင်ပြီး ဘက်ပြောင်းခိုလှုံလာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၄ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ KNU တပ်မဟာ(၄)ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ထံက သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ကလည်း တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေအပြင် ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ မကြာခဏဆိုသလို အလင်းဝင်ရောက်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.