လောင်းလုံး၊ မေ ၈
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဝေဒီကျေးရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကော်မရှင်တပ်က ကျေးရွာအတွင်းရှိ ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၆ ရက်နေ့ မနက်အစောပိုင်းမှာ အင်းအားတစ်ရာဝန်းကျင်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ လောင်းလုံးမြို့ပေါ်ကတဆင့် ဝေဒီကျေးရွာထဲကို သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်လာခဲ့တာပါ။
စစ်ကော်မရှင်တပ်ရဲ့ သေနတ်ပစ်ဖောက်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံ အများအပြား ကျေးရွာအတွင်း ပိတ်မိနေသလို လမ်းမှာတွေ့တဲ့ အရပ်သားတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လည်ပိုင်းမှာလည်း ထားဝယ်မြစ်ကမ်းနားဘေးမှာ ရပ်ထားတဲ့ ကားနှစ်စီးကို စစ်ကော်မရှင်တပ်က အကြောင်းပြချက်မရှိဘဲ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီစစ်ကော်မရှင် စစ်ကြောင်းဟာ မေ ၇ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်မှာ ဝေဒီကျေးရွာမှတဆင့် လောင်းလုံးမြို့ ပေါ်ကို ပြန်ဆုတ်ခဲ့ပြီး ဖမ်းဆီးထားတဲ့ အရပ်သားတွေကိုလည်း ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ကလည်း လောင်းလုံးမြို့ ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ဝေဒီကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

