နေပြည်တော်၊ မေ ၇
ပြည်သူတွေ ရွေးချယ်ထားတဲ့ ဒီမိုကရေစီနည်းလမ်းနဲ့အညီ တာဝန်ထမ်းဆောင်နေတဲ့ မိမိတို့အစိုးရအပေါ် နိုင်ငံတချို့က ကန့်သတ်မှုတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေကို ဆက်လက် ဖိအားပေး လုပ်ဆောင်နေတယ်လို့ အာဏာသိမ်း သမ္မတက ပြောပါတယ်။
မနေ့ မေ ၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အစိုးရရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်း သမ္မတက မိမိတို့ဟာ ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရဖြစ်တာကြောင့် နိုင်ငံ့စီးပွားတိုးတက်ရေး ဆောင်ရွက်သွားရမှာ ဖြစ်ပြီး ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒနဲ့ လာရောက်မဲပေးကြသူတွေကို ဒီမိုကရေစီနိုင်ငံတွေက တန်ဖိုးထားဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိမိတို့အစိုးရအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ အာဏာသိမ်း သမ္မတက ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ အာဏာသိမ်း သမ္မတက အဂတိလိုက်စားမှုတွေကြောင့် နိုင်ငံတော်အနေနဲ့ များစွာဆုံးရှုံးနစ်နာနေတဲ့အတွက် အဂတိလိုက်စားမှုတွေ မရှိစေရေး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်အလိုက် ကြပ်မတ်ထိန်းသိမ်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီအစည်းအဝေးကိုတော့ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးညိုစောနဲ့ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေက Video Conferencing နဲ့ တက်ရောက်ခဲ့ကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

