တိုကျို ဧပြီ ၁၇

ဂျပန်အခြေစိုက် တရုတ်သံရုံးက တစ်လအတွင်း သူတို့သံတမန်တွေထံ ခြိမ်းခြောက်မှု ၃ ကြိမ် ရောက်ရှိလာလို့ လုံခြုံရေးကာကွယ်မှု မလုံလောက်ဘူးလို့ ဂျပန်အစိုးရကို စွပ်စွဲလိုက်ပါတယ်။

ဧပြီ ၁၇ ရက်က လူမှုမီဒီယာ X မှာ တရုတ်သံရုံးဘက်နေထုတ်ပြန်တဲ့စာထဲ ဒီကိစ္စတွေကို ပြင်းပြင်းထန်ထန် စုံစမ်းစစ်ဆေးပြီး တရားခံတွေကို ပြင်းထန်စွာ အရေးယူဖို့ တိုကျိုအာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။

အဲဒီခြိမ်းခြောက်မှုတွေထဲ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က ဂျပန်ကိုယ့်ကိုကိုယ် ကာကွယ်ရေးတပ်ဖွဲ့ Japan Self-Defense Forces အဖွဲ့ဝင်တစ်ယောက်လို့ ဖော်ပြထားတဲ့ လူတစ်ယောက်က တိုကျိုရှိ တရုတ်သံရုံးထဲကို ဝင်ရောက်ပြီး သံတမန်တွေကို သတ်ပစ်မယ်လို့ ပြောဆိုမှု ပါဝင်နေပါတယ်။

ဒါ့အပြင် အဲဒီဖြစ်ရပ်မတိုင်မီ သီတင်းပတ်အနည်းငယ်ကလည်း ကိုယ့်ကိုကိုယ် “အထူးတပ်ဖွဲ့” လို့ ခေါ်တဲ့ SDF နဲ့ ရဲအဖွဲ့ဟောင်းတွေပါဝင်တဲ့အဖွဲ့တစ်ဖွဲ့က တရုတ်လူမျိုးတွေကို သတ်မယ်လို့ ခြိမ်းခြောက်တဲ့ စာတစ်စောင် ပို့ထားပါတယ်။

နောက်ထပ်တစ်ခုကတော့ လကုန်ပိုင်းမှာ သံရုံးကို ဗုံးခွဲမယ်လို့ အွန်လိုင်းကနေ ခြိမ်းခြောက်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြီး အဲဒီလူကလည်း ကိုယ်ကိုယ်ကို စစ်တပ်ရဲ့ တပ်သားဟောင်းတစ်ယောက်လို့ ပြောထားပါတယ်။

“ဒီအမှုတွေကို အမြန်ဆုံး စုံစမ်းပြီး အမှန်တရား ဖော်ထုတ်ဖို့၊ ပြီးတော့ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဖို့” ဂျပန်ဘက်ကို တရုတ်သံရုံးက ထပ်မံတောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒီလူတွေက အားလုံးလိုလို SDF နောက်ခံရှိတယ်လို့ ပြောထားတာက အထူးအဆန်းဖြစ်နေတယ်လို့ ပြောပါတယ်။ “ဒီနောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုရှိနေလား၊ တစ်စုံတစ်ရာက လှုံ့ဆော်နေသလား” ဆိုတာကိုပါ စုံစမ်းဖို့ တောင်းဆိုထားပါတယ်။

အခုလိုအခြေအနေတွေဟာ တရုတ်နဲ့ဂျပန်ကြား ဆက်ဆံရေး ဆိုးရွားလာနေတဲ့အချိန်မှာ ဖြစ်ပေါ်လာတာပါ။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ထိုင်ဝမ်ကို တရုတ်ဘက်က တိုက်ခိုက်လာရင် ဂျပန်က စစ်ရေးအရ ဝင်ပါရနိုင်တယ်လို့ပြောဆိုခဲ့တာပါ။

ဒီစကားတွေကြောင့် တရုတ်ဘက်က ကျေနပ်မှုမရှိတာကြောင့် ဂျပန်သံအမတ်ကို ခေါ်ယူကန့်ကွက်ခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ဂျပန်ကို မသွားဖို့ သတိပေးခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်နိုင်ငံကို ဝင်ရောက်တဲ့ တရုတ်ခရီးသွား ဧည့်သည်အရေအတွက်လည်း သိသိသာသာ လျော့နည်းသွားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.