တီဟီရန် ဧပြီ ၁၇
အီရန်က သူတို့ပိုင်ဆိုင်ထားတဲ့ ပြည့်ဝယူရေနီယံတွေကို လွှဲပေးဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်းနဲ့ အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲကို အဆုံးသတ်နိုင်ဖို့ သဘောတူညီမှုနီးလာပြီလို့လည်း သမ္မတ ထရန့်က ပြောပါတယ်။
အရင်က အမေရိကန်ဘက်ကတော့ အီရန်ဘက်က သဘောမတူရင် လေကြောင်းတိုက်ခိုက်မှု ပြန်စမယ်၊ ဆိပ်ကမ်းတွေကို ပိတ်မယ်ဆိုပြီး သတိပေးထားတာရှိပါတယ်။ အမေရိကန်နဲ့ အီရန်ကြားကစစ်ပွဲဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တာပါ။
တချိန်တည်းမှာပဲ တခြားဖက်မှာ အစ္စရေးနဲ့လက်ဘနွန်ကြား ၁၀ ရက်ကြာ အပစ်ရပ် သဘောတူညီမှုတစ်ခုကို ကြေညာထားပါတယ်။ သမ္မတထရန့်ကလည်း နှစ်ဖက်ခေါင်းဆောင်တွေကို မကြာခင် အိမ်ဖြူတော်မှာ တွေ့ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
ဟစ်ဇဘိုလာအဖွဲ့ဘက်ကလည်း အစ္စရေးဘက်ကနေ မတိုက်ခိုက်ရင် သူတို့လည်း အပစ်ရပ်သဘောတူညီချက်ကို လိုက်နာမယ်လို့ ပြောပါတယ်။ အစ္စရေးနဲ့ လက်ဘနွန် နှစ်နိုင်ငံဝန်ကြီးချုပ်တွေကလည်း ဒီအပစ်ရပ်မှုကို ကြိုဆိုထားပါတယ်။
ဒီအချိန်မှာပဲ ပါကစ္စတန်က အမေရိကန်နဲ့ အီရန် ကြား နောက်တစ်ကြိမ် ဆွေးနွေးပွဲ ပြန်စနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ပါကစ္စတန်စစ်တပ်ခေါင်းဆောင် အာရှင် မူနီယာကလည်း အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘက်ဟာ ဂါလီဘက်ဖ်နဲ့ တွေ့ဆုံထားပါတယ်။
အီရန်နိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ်ကတော့ ဆွေးနွေးမှုတွေအပေါ် “သတိထားပြီး မျှော်လင့်နေတယ်” လို့ ပြောပြီး အကျိုးရှိတဲ့ ရလဒ်ထွက်လာမယ်လို့ မျှော်လင့်ထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဆက်ချ်ကလည်း “အီရန်အနေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက် ချမှတ်ရင် ပိတ်ဆို့မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာမယ်” လို့ သတိပေးထားပါတယ်။
နောက်ပိုင်းမှာတော့ သမ္မတ ထရန့်က “သဘောတူညီမှုရဖို့ အခွင့်အရေးကောင်းရှိတယ်” လို့ ပြောပြီး သဘောတူစာချုပ် လက်မှတ်ထိုးဖို့ ပါကစ္စတန်နိုင်ငံကိုတောင် သွားနိုင်တယ်လို့ ပြောပါတယ်။
သမ္မတထရန့်ကတော့ အီရန်ကို နျူကလီးယားလက်နက် မရနိုင်အောင် တင်းကျပ်စွာ ကန့်သတ်ရမယ်လို့ အမြဲပြောနေပါတယ်။ ဒါပေမယ့် အီရန်ကတော့ သူတို့ရဲ့ နျူကလီးယားအစီအစဉ်ဟာ အများပြည်သူအသုံးအတွက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Ref:AFP

