ဂျေရုစလင်၊ ဧပြီ ၁၇
အစ္စရေးနဲ့ လက်ဘနွန်တို့ကြား ၁၀ ရက်ကြာ အပစ်အခတ် ရပ်စဲမှုကို ဘေရွတ်မြို့မှာ လူအများက မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး ကြိုဆိုခဲ့ကြပါတယ်။
သီတင်းခြောက်ပတ်တာ စစ်ပွဲအတွင်း လက်ဘနွန်မှာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီးအရပ်သား ငါးပုံ တစ်ပုံ စစ်ဘေးရှောင်ခဲ့ရပါတယ်။
အစ္စရေးမှာ အရပ်သား နှစ်ဦး သေဆုံးပြီး စစ်သား ၁၃ ဦး သေဆုံးကြောင်း အစ္စရေး စစ်တပ်က ပြောထားပါတယ်။
ရေလက်ကြားကို ဝင်ဖို့ ဒါမှမဟုတ် ရေလက်ကြားက ထွက်ခွာဖို့ ကြိုးပမ်းတဲ့ သင်္ဘော မှန်သမျှကို အမေရိကန် ရေတပ်က တားဆီး ပိတ်ဆို့သွားမှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
အဲဒီ သင်္ဘောလမ်းကြောင်းအနီး ချဉ်းကပ်လာတဲ့ စစ်ဖက်ဆိုင်ရာ သင်္ဘောမှန်သမျှကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း အီရန်က ပြောပါတယ်။
အီရန် လွှတ်တော်ဥက္ကဋ္ဌက တီဟီရန်အနေနဲ့ ဘယ်လို ခြိမ်းခြောက်မှုမျိုး ရှိပါစေ လုံးဝ လက်နက်ချမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
အီရန်အနေနဲ့ ညှိနှိုင်းရေး စားပွဲဆီ ပြန်လာသည် ဖြစ်စေ ပြန်မလာသည် ဖြစ်စေ မိမိအနေနဲ့ ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထရန့်က ပြောထားပါတယ်။
အစ္စလာမာဘက်မြို့မှာ ညှိနှိုင်းမှုတွေ မအောင်မြင် ဖြစ်ခဲ့ရတာဟာ အီရန်က သူတို့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို မစွန့်လွှတ်တာကြောင့် ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။
အီရန်က မိမိတို့ နှစ်နိုင်ငံအနေနဲ့ သဘောတူညီမှု ရရှိဖို့ နီးစပ်ခဲ့ပေမယ့် အမေရိကန်ရဲ့ ရည်မှန်းချက် ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ တုံ့ပြန်ပါတယ်။
အီရန်ဟာ နျူကလီးယား လက်နက်တွေ လိုချင်နေဆဲ ဖြစ်ပြီး အဲဒီ ရည်မှန်းချက်ကို ပါကစ္စတန်မှာ ဆွေးနွေးမှုအတွင်း ဖော်ပြခဲ့တယ်လို့ ထရန့်က ပြောပါတယ်။
အီရန်အနေနဲ့ နျူကလီးယား လက်နက် လုံးဝ ပိုင်ဆိုင်ခွင့် မရှိကြောင်းနဲ့ သန့်စင်ထားပြီးသား ယူရေနီယံတွေကို သိမ်းယူမှာ ဖြစ်ကြောင်း ထရန့်က ပြတ်ပြတ်သားသား ပြောဆိုထားတာပါ။
ထရန့်က အီရန်ကို ထပ်မံ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့ Wall Street Journal က အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေကို ကိုးကားပြီး ဖော်ပြပါတယ်။
အဲဒီ သတင်းနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ အိမ်ဖြူတော်က နည်းလမ်းအားလုံး စဉ်းစားထားတယ်လို့ ပြန်လည် ဖြေကြားပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းမယ့် သင်္ဘောတွေကို အမေရိကန်က တားဆီးတာဟာ တခြားနိုင်ငံတွေက အီရန်အပေါ် အရေးယူလာစေဖို့ ဖိအားပေးတာ ဖြစ်လာနိုင်ပါတယ်။
ကမ္ဘာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းရာ အဲဒီ ရေလမ်းကြောင်းကို အချိန် အကြာကြီး ပိတ်ထားရင် ကမ္ဘာရေနံဈေး အဆမတန် မြင့်တက်လာနိုင်ပြီး ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
Ref:BBC

