ဘေဂျင်း ဧပြီ ၁၇
တရုတ်နဲ့ ဂျပန်အကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေချိန်မှာ ဂျပန်နိုင်ငံက စစ်သင်္ဘောတစ်စင်းကို ထိုင်ဝမ်ရေလက်ကြားကတဆင့် ဖြတ်သန်းစေခဲ့တဲ့အပေါ် တရုတ်အစိုးရက ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောင်ကျာကွမ်က ဂျပန် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးတပ် (Self-Defence Force) ရဲ့ သင်္ဘောတစ်စင်း ထိုင်ဝမ်ရေလက်ကြားထဲ ဝင်ရောက်လာခြင်းကို “ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်မှု” လို့ သတ်မှတ်ခဲ့ပြီး ဘေဂျင်းဘက်ကနေ တိုကျိုထံ ဆန့်ကျင်ကန့်ကွက်မှု တင်ပြထားကြောင်း ပြောကြားခဲ့ပါတယ်။
တရုတ်စစ်တပ်က သတ်မှတ်စည်းကမ်းတွေအတိုင်း ဒီဖြစ်ရပ်ကို ကိုင်တွယ်ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။
ဂျပန်ဘက်က တချို့သော အဖွဲ့ဝင်တွေဟာ ထိုင်ဝမ်အရေးအပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ အဲဒီလို လုပ်ရပ်တွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ထိခိုက်စေနိုင်ကြောင်းလည်း ပြောခွင့်ရသူက ဆိုပါတယ်။
တရုတ်ဘက်က အခုလို ကန့်ကွက်မှုအပေါ် ဂျပန်အစိုးရက တုံ့ပြန်ချက် မထုတ်ပြန်ရသေးတဲ့အပြင် သင်္ဘောအမျိုးအစားနဲ့အမည်ကိုလည်း နှစ်ဖက်လုံးက ဖော်ပြခြင်းမျိုး မရှိသေးပါဘူး။
ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီက ထိုင်ဝမ်အရေးမှာ ဂျပန်စစ်တပ် ဝင်ရောက်စွက်ဖက်မှု ဖြစ်လာနိုင်ကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ပြောကြားခဲ့တဲ့အပေါ်လည်း တရုတ်ဘက်က ဝေဖန်ပြီး အဲဒီလို မှတ်ချက်တွေဟာ တရုတ်-ဂျပန် ဆက်ဆံရေးကို ထိခိုက်စေကြောင်းလည်း ပြောဆိုပါတယ်။
အဲဒီလို ပြောဆိုမှုတွေအပြီး တရုတ်ဘက်က နှစ်မျိုးသုံးနိုင်သော ပစ္စည်းများ တင်ပို့မှုကို ကန့်သတ်ခြင်း၊ ရှားပါးမြေကြီး (rare earth) အပေါ် စည်းကမ်းတင်းကြပ်ခြင်းနဲ့ နိုင်ငံသားတွေအတွက် ခရီးသွား သတိပေးချက် ထုတ်ပြန်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
တရုတ်အစိုးရက ထိုင်ဝမ်ကို နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းလို့ သတ်မှတ်ထားပြီး လိုအပ်ပါက စစ်ရေးအင်အားနဲ့ ပြန်လည် ပေါင်းစည်းမယ်လို့ မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။ အမေရိကန်နဲ့ ဂျပန်အပါအဝင် နိုင်ငံအများစုက ထိုင်ဝမ်ကို သီးခြားနိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုထားခြင်း မရှိပေမယ့်အင်အားသုံး၍ အခြေအနေ ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်ကြောင်း ပြောဆိုထားပါတယ်။
Ref:SCMP

