မော်လမြိုင် ၊ ဇွန် ၂၄
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ လက်သိပ်ထိုး ခန့်အပ်ပြီး မွမ်းမံသင်တန်းပေးဖို့ ပြင်ဆင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်အစိုးရက လက်သိပ်ထိုး ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အရင် အုပ်ချုပ်ရေးမှူး အဟောင်းတွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်သူတွေအပြင် စစ်အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အပေါ် အလုပ်အကျွေးပြုတဲ့ ထောက်ခံသူတွေ အများဆုံး ပါဝင်ပါတယ်။
လက်သိပ်ထိုး ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကိုတော့ စစ်အစိုးရက လာမယ့် ဇူလိုင် ၇ ရက်နေ့က စတင်ကာ အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ မွမ်းမံသင်တန်းတွေကို ရက်ရှည်ပေးဖို့ ရှိနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေက ဆိုပါတယ်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအရ အစိုးရအသစ်အနေနဲ့ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများ ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည် ရွေးကောက် တင်မြှောက် ရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဒါ့ပေမယ့် လက်ရှိ စစ်အစိုးရ လက်အောက်ခံ မြို့နယ်၊ခရိုင်၊ပြည်နယ်အဆင့်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်ရာမှာ ပြည်သူတွေကို ပွင့်လင်း မြင်သာစွာ ချပြမှု မရှိဘဲ လက်သိပ်ထိုး ရွေးချယ်ပြီး သင်တန်းတွေပေးမယ့်အပေါ် ဒေသတွင်း ဝေဖန်မှုတွေ မြင့်တက်နေတာပါ။
အုပ်ချုပ်ရေးမှူးတွေဟာဆိုရင် ၂၀၁၆ ခုနှစ်က ပြန်လည် ပြင်ဆင်ခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ အရ ရာထူးသက်တမ်းဟာ နိုင်ငံတော် သမ္မတရဲ့ ရာထူး သက်တမ်းအတိုင်း ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေဟာ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းသစ် ကာလမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ် တာဝန် ပေးပြီးတဲ့အချိန်အထိ တာဝန် ထမ်းဆောင်ရမှာ ဖြစ်ပြီး လုပ်ငန်းတာဝန်တွေကို စနစ် တကျ လွှဲပြောင်းပေးရမယ်လို့ ပါရှိပါတယ်။
အုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးမှာ ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရီက မေးခွန်းမေးမြန်းခဲ့ပါသေးတယ်။
မေးခွန်းအပေါ် မွန်ပြည်နယ် စစ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့ပေမယ့် အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်မယ့် အချိန်ကာလနဲ့ ရွေးချယ်ရေး အစီအစဉ်တွေကိုတော့ ပြောဆိုသွားတာ မရှိပါဘူး။
မွန်ပြည်နယ်မှာတော့ မြို့နယ်ပေါင်း ၁၀ မြို့နယ် ရှိပြီး ရပ်ကွက်နဲ့ ကျေးရွာ အုပ်စုပေါင်း ၄၆၈ အုပ်စု ရှိကာ ကျေးရွာပေါင်း ၁၁၄၇ ရွာ ရှိပေမယ့် အုပ်ချုပ်ရေးမှူးတွေကိုတော့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကလို ပွင့်လင်းမြင်သာစွာ ရွေးချယ်မှု မရှိဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

