နေပြည်တော် ၊ ဇွန် ၂၄
လက်ရှိအနေအထားမှာ နယ်စပ်လုံခြုံရေး အားနည်းနေတဲ့အပေါ် နှစ်ဘက်အစိုးရချင်းချင်း ညှိနှိုင်းရမယ့် ကိစ္စဖြစ်ပြီး အစိုးရကပဲ လုပ်လို့ ရတာမို့ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့ မရဘူးလို့ စစ်အစိုးရရဲ့ သမ္မတ တာဝန်ယူထားတဲ့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
အာဏာသိမ်း သမ္မတရဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း တရုတ်အခြေစိုက် Phoenix သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာ နယ်စပ်ဒေသစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒတွေနဲ့ တရုတ်စီးပွားရေးအပေါ် လုံခြုံရေးနဲ့ ပတ်သက်ပြီး ဖြေကြားခဲ့တာပါ။
နယ်စပ်ဒေသစီခံခန့်ခွဲမှုဟာ အစိုးရနဲ့ပဲ သက်ဆိုင်တာကြောင့် နယ်စပ်ကုန်သွယ်ရေးကိစ္စကို အစိုးရကပဲ လုပ်ဆောင်ရမှာဖြစ်လို့ သူတို့အနေနဲ့ ရအောင်ဖန်တီးရမှာဖြစ်ပြီး ပြဿနာတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုလုံခြုံရေးနဲ့ပတ်သက်ပြီး သူတို့အစိုးရအနေနဲ့ အများကြီးလုပ်ပေးနေသလို အခက်အခဲရှိခဲ့တဲ့အပေါ် ကျော်လွှားခဲ့ရကာ အခုအချိန်မှာ အခြေအနေကောင်းလာတယ်လို့ ဦးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကနေ ကုန်ထုတ်လုပ်မှုလုပ်ငန်းနဲ့ ဆက်သွယ်ရေးလုပ်ငန်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တစထက်တစ ထွက်ခွာသွားခဲ့တဲ့အပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ဝင်ရောက်ဖို့ စစ်အစိုးရက ကြိုးပမ်းနေတာပါ။
ဒီအခြေအနေမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အိမ်နီးချင်းတရုတ်အစိုးရက ဝင်ရောက်စွက်ဖက်ရာကနေ တရုတ်အကျိုးစီးပွားအတွက် ရင်းနှီးမြှပ်နှံမှုတွေနဲ့ ကုန်သွယ်မှုတွေတိုးမြှင့်ဖို့ စစ်အစိုးရက လုံခြုံရေးအာမခံချက် ပေးထားတာ ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က တရုတ်အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို စစ်တပ်က စစ်ရေးအရ အကာအကွယ်ယူပြီး နယ်မြေစိုးမိုးမှုတွေ လုပ်လာမယ့် အနေအထားရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တရုတ်ရဲ့ အကျိုးစီးပွားကို စစ်တပ်ကော တော်လှန်ရေးတပ်တွေရော တိုင်းရင်းသားအဖွဲ့တွေရော မလွန်ဆန်နိုင်ဘူး။ အဲဒီတော့ ပြောရမယ်ဆိုရင် တိုက်သူခံသူ နှစ်ဘက်စလုံး မလုပ်နိုင်တဲ့ (မြန်မာနိုင်ငံရှိ တရုတ်ရဲ့ စီပွားရေးလုပ်ငန်းတွေ) စစ်မဲ့ဇုန်တွေ အများအပြား ဖြစ်လာတယ်။အဲဒီလို စစ်မဲ့ဇုန်တွေ အများအပြား ဖန်တီးပြီးခါမှ အဓိက တော်လှန်ရေးတပ်တွေ ခြေကုပ်နေရာတွေကို ကျဉ်းမြောင်းအောင် လုပ်ပြီးတော့ စစ်ရေးအရ (အကာအကွယ်) ကာဗာယူသွားမယ့် အနေအထားမျိုးလို့ ကျွန်တော်က မှန်းဆပါတယ်ဗျ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ရှမ်း-မန်း စစ်ဆင်ရေးနဲ့ အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေမှာ တရုတ်စီမံကိန်းတွေ ရှိတဲ့နေရာတွေအတွင်း စစ်တပ်အပါအဝင် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ထိလို့ မရဘူးဆိုတာ သက်သေပဲလို့ သူက ထောက်ပြပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအကောင်အထည်ဖော်မှုကို မြှင့်တင်ဖို့နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မန္တလေး-မူဆယ်ရထားလမ်း စီမံကိန်းတွေ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်သွားဖို့ သဘောတူထားကြတာပါ။
အဲဒီစီးပွားရေးစင်္ကြံစီမံကိန်းဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းမြို့နဲ့ မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျတဲ့ မူဆယ်၊ မန္တလေး၊ ရန်ကုန်နဲ့ ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမှာ ဖြစ်ပါတယ်။
စီမံကိန်းဖြတ်သန်းရာလမ်းကြောင်းတချို့ဟာ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိနေတာကြောင့် တရုတ်နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေးလာနိုင်တဲ့အပေါ် နွေဦးတော်လှန်ရေးကို သက်ရောက်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ထားကြတာပါ။
တစ်ဘက်မှာ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံစီးပွားရေးတိုးချဲ့နိုင်ရေး တည်ငြိမ်မှဖြစ်မှာမို့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ပူးပေါင်းကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၃ ရက်နေ့က ထုတ်ပြောခဲ့ပါတယ်။
အဲဒီနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တွေကို စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး မြေပြင်ဝေဟင်ပေါင်းစပ်အားနဲ့ တန်ပြန်ထိုးစစ်တွေ လုပ်ဆောင်နေပြီး ဇွန် ၂၀ ရက်နေ့မှာ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းမပေါ်က ခမ်းပတ်မြို့ကို ပြန်လည် ရရှိထားတာပါ။
လက်ရှိမှာ စစ်တပ်အနေနဲ့ လက်လွှတ်ထားရတဲ့ နယ်မြေတွေထဲက ခမ်းပတ်အပါအဝင် ကောလင်း၊ မြဝတီ၊ လားရှိုး၊ ဆီဆိုင်၊ မိုးဗြဲ၊ သပိတ်ကျင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်၊ စဉ့်ကူး၊ ဗန်းမောက်၊ တကောင်း၊ ဖလမ်း၊ တွန်းဇံ၊ အင်းတော်၊ မော်လူး၊ မော်တောင်နဲ့ ခမ်းပတ်မြို့တို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-HOS

