မော်လမြိုင်၊ ဇွန် ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပိုများလာတယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ရတခတိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ဟာ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာထူးတိုးမြှင့်ခံရတာကြောင့် ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးကို ရတခတိုင်းမှူးအဖြစ် အသစ်ခန့်အပ်ခဲ့တာပါ။

ကျိုက်မရောမြို့နယ် ဇာတိဖြစ်တဲ့ ရတခတိုင်းမှူးအသစ် ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုး လက်ထက်မှာ မွန်ပြည်နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပိုများလာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုး ရတခတိုင်းမှူး ဖြစ်လာတဲ့ နှစ်လအတွင်း မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅ ထက်မနည်း ပြုလုပ်ထားတာပါ။

အဲဒီထဲမှာ ထူးခြားမှုအနေနဲ့ အာဏာသိမ်း စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ နိုင်ဟံသာ ဦးဆောင်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသကို လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ထားပါတယ်။

ရတခတိုင်းမှူးအသစ် လက်ထက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ဘီးလင်းနဲ့ ရေးမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အများစုဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ ရွှေမျောလုပ်ကွက်တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနိုင်တယ်လို့ ယူဆတဲ့ နေရာတွေကို ဗုံးကြဲနေတာပါ။

မွန်ပြည်နယ်မှာ ရတခတိုင်းမှူးအသစ် လက်ထက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ ထက်မနည်း သေဆုံးထားပြီး ဒဏ်ရာရသူ ၄၀ နီးပါး ရှိလာခဲ့ပါတယ်။

ရတခတိုင်းမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးဟာ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကတာဝန်ယူရသူ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.