မြဝတီ၊ ဇွန် ၂၄
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံနဲ့ ဖလူးဒေသမှာ ထပ်မံဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံထဲ ကျည်ဆံတွေကျရောက်ခဲ့ပြီး ထိုင်းစစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ကာ စာသင်ကျောင်းတချို့လည်း ပိတ်ထားခဲ့ရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇွန် ၂၂ ရက်နေ့က မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ် မင်းလက်ပံရွာနဲ့ ဖလူးရွာဒေသတစ်ဝိုက်မှာ အာဏာသိမ်း စစ်တပ် စစ်ကြောင်းတွေနဲ့ KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကျည်ဆံတချို့ဟာ ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာထဲ ကျရောက်ခဲ့တာရှိပြီး အဆောက်အဦးတချို့ကို ထိမှန်သွားခဲ့ပါတယ်။
မြဝတီမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအခြေအနေတွေနဲ့ စစ်တပ်က အင်အား ၂၀၀ နီးပါး ဖြည့်တင်းလာတာကြောင့် ထိုင်းတာဝန်ရှိသူတွေက မဲ့ကိုကင်းရွာ စာသင်ကျောင်းကို ပိတ်ထားရပြီး မြန်မာစစ်ရှောင်ကျောင်းသားတွေ တက်ရောက်သင်ကြားနေတဲ့ စာသင်ကျောင်းတချို့လည်း ပိတ်ထားခဲ့ရတယ်လို့ ဖလူးရွာက စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။
မြဝတီမြို့နယ် လေးကေကော်မြို့သစ်အနီးက မင်းလက်ပံရွာနဲ့ ဖလူးကျေးရွာတွေကို သိမ်းပိုက်နိုင်ရေးအတွက် တပ်မ ၂၂ ဦးဆောင်တဲ့ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်ခဲ့ရာ ဒီနှစ် ဇွန်လပိုင်းအထိ မသိမ်းနိုင်သေးဘဲ ထိခိုက်မှုတွေလည်း များစွာ ရှိနေခဲ့တာပါ။
ဒါကြောင့် စစ်တပ်က ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဗိုလ်ဘိဦးစီးတဲ့ DKBA အဖွဲ့တွေကို စစ်ရေးအကူအညီတောင်းခံနေပြီး မင်းလက်ပံရွာနဲ့ ဖလူးရွာတွေအပါအဝင် ဝေါ်လေစစ်ဗျူဟာဆီ စစ်ကူပေးနိုင်ရေးနဲ့ ပြန်လည်သိမ်းယူနိုင်ရေးအတွက် ကြိုးစားလုပ်ဆောင်လာနေပါတယ်။
ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ဗိုလ်ဘိဦးစီးတဲ့ DKBA တပ်ဖွဲ့တို့ဟာ လက်ရှိ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ဖာပွန်-ကမမောင်းလမ်း စစ်ဆင်ရေးမှာလည်း စစ်တပ်ကို ပါဝင်ကူညီပေးနေပြီး ပြီးခဲ့တဲ့ ကော့ကရိတ်-ကျုံဒိုး စစ်ဆင်ရေးနဲ့ အာရှလမ်းစစ်ဆင်ရေးတွေမှာလည်း စစ်ရေးပါဝင်ကူညီပေးတာတွေ ရှိနေခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်က ရက် ၁၀၀ စီမံချက်အတွင်း ကရင်ပြည်နယ်ထဲမှာ စစ်ရေးထိုးစစ်အရှိန်တွေ မြှင့်တင်လုပ်ဆောင်နေလျက်ရှိပြီး KNU ထိန်းချုပ်နယ်မြေထဲက ကျေးရွာတွေအပေါ် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်ဗုံးကြဲမှု၊ ဒရုန်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

