တီဟီရန်၊ ဧပြီ ၁၈

အမေရိကန်၊ အစ္စရေးတို့နဲ့ အပစ်အခတ် ရပ်စဲထားချိန်မှာ ဟောမု့ဇ် ရေလက်ကြားကို လုံးဝ ဖွင့်လှစ်ထားမှာ ဖြစ်ကြောင်း အီရန်က ပြောကြားပြီးနောက် ရေနံဈေးနှုန်း ကျဆင်းသွားပါတယ်။

စီးပွားဖြစ် သင်္ဘောတွေအတွက် အဲဒီ ရေလမ်းကြောင်းကို ဖွင့်လှစ်ကြောင်း အီရန်ရဲ့ ကြေညာချက် ထွက်ပေါ်လာပြီးနောက် Brent ရေနံစိမ်း တစ်စည်ရဲ့ တန်ဖိုး ၈၈ ဒေါ်လာနှုန်းထားသို့ လျော့ကျသွားပါတယ်။

ဧပြီ ၁၇ ရက်က ရေနံစိမ်းတစ်စည် ဈေးနှုန်းဟာ ၉၈ ဒေါ်လာအထိ မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

အီရန် တောင်ပိုင်းက ကျဉ်းမြောင်းတဲ့ ဟောမု့ဇ် ရေလက်ကြားဟာ သာမန်အချိန်တွေမှာ ကမ္ဘာကြီးအတွက် လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

အီရန်ရဲ့ ကြေညာချက်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ကြိုဆိုထားပေမယ့် ရေပြင်သွားလာရေး အုပ်စုတွေကတော့ အတည်ပြုဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲထားတဲ့ လက်ကျန်ကာလအတွက် ဟောမု့ဇ် ရေလက်ကြားကနေ စီးပွားဖြစ်သင်္ဘော အားလုံးအတွက် လုံးဝ ဖွင့်ထားပေးမှာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရက်ချီက ပြောပါတယ်။

အီရန်ရဲ့ ကြေညာချက်ကို အားထားနေရတဲ့ ကမ္ဘာ့ဈေးကွက်တွေမှာ အစုရှယ်ယာဈေးတွေ ပြန်လည် မြင့်တက်လာခဲ့ပါတယ်။

ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် အဲဒီ ရေလမ်းကြောင်းကို အီရန်က ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လမ်းကြောင်းက ဖြတ်သန်းသွားတဲ့ ရေနံတင်သင်္ဘောတွေ နှောင့်နှေးကြံ့ကြာမှု ဒါမှမဟုတ် ပိတ်မိနေမှုကြောင့် ကမ္ဘာ့ဈေးကွက်တွေအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရရှိနိုင်တဲ့ ပမာဏ လျော့ကျပြီး ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာပါ။

စစ်ပွဲ မစတင်ခင်က Brent ရေနံစိမ်း တစ်စည် ဈေးနှုန်းဟာ ဒေါ်လာ ၇၀ အောက်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

မတ်လအတွင်းက တစ်စည်ကို ၁၁၉ ဒေါ်လာအထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပြီး ယင်းမတိုင်ခင်က ဒေါ်လာ ၁၀၀ ဝန်းကျင်မှာ တဝဲလည်လည် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို လုံးဝ ပြန်ဖွင့်ပြီ ဖြစ်ကြောင်း အီရန်ရဲ့ ကြေညာချက်ကို ထရန့်က ကြိုဆိုထားပေမယ့် နိုင်ငံတကာ သင်္ဘောလုပ်ငန်းများ အုပ်စု BIMCO ကတော့ အန္တရာယ်ရှိနေဆဲ ဖြစ်ကြောင်း သတိပေးထားပါတယ်။

အဲဒီ ရေလမ်းကြောင်းမှာ အီရန် ထောင်ထားတဲ့ မိုင်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ BIMCO ရဲ့ ဘေးကင်းရေး လုံခြုံရေး အရာရှိချုပ် ဂျာကော့ဇ် လာဆန်က ပြောပါတယ်။

သင်္ဘော ကုမ္ပဏီတွေအနေနဲ့ အဲဒီ ဒေသကို ရှောင်ရှားသင့်တယ်လို့ မိမိတို့ အုပ်စုအနေနဲ့ ယုံကြည်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။

ဒီအတောအတွင်း နိုင်ငံတကာ ရေကြောင်းသွားလာရေး အဖွဲ့အစည်း IMO က ဟောမု့ဇ် ရေလက်ကြား ပြန်ဖွင့်ပြီဆိုတဲ့ အီရန်ရဲ့ ကတိပေးမှု အသေးစိတ် အခြေအနေကို သိရဖို့ ကြိုးပမ်းနေပါတယ်။

ဒီဇယ်နဲ့ဓာတ်ဆီဈေး မြင့်တက်မှုကြောင့် ယာဉ်မောင်းသူတွေ အခက်ကြုံနေပြီး သယ်ယူပို့ဆောင်စရိတ် မြင့်တက်မှုနဲ့ အတူ တခြား ကုန်စည် ဈေးနှုန်းတွေလည်း မြင့်တက်လာပါတယ်။

အဲဒီ ရေလမ်းကြောင်းဟာ ဓာတ်မြေသြဇာတွေ အဓိက သယ်ယူရာလမ်းကြောင်းလည်း ဖြစ်တာကြောင့် စားနပ်ရိက္ခာ ဈေးနှုန်း မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.