နယူးယောက်ခ်၊ ဧပြီ ၁၈
မြန်မာ့ ဒီမိုကရေစီ ဦးသျှောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ဧပြီ ၁၇ ရက်က လျှော့ချခဲ့ပြီးနောက် သူ့ကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗိုလ်ကာ တက်ဇ်က တိုက်တွန်းလိုက်ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလ အားလုံးနီးပါး မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး အရပ်သား နိုင်ငံရေးသမားတွေ အပြည့်အဝ အာဏာမရှိတဲ့ ဆယ်စုနှစ် တစ်စုကြာ ဒီမိုကရေစီ ကာလ တစ်ခု ရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချခဲ့ပါတယ်။
အခုအချိန် အသက် ၈၀ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့အချိန်အထိ ဖမ်းဆီးထားဆဲ ဖြစ်ပေမယ့် ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ အသေအချာ မသိရပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဏာသိမ်းပြီး နောက်ပိုင်း မတရား ဖမ်းဆီးခံထားရသူအားလုံး ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ လိုအပ်ကြောင်း ဗိုလ်ကာ တက်ဇ်က လူမှုမီဒီယာမှာ ရေးပါတယ်။
မြန်မာပြည်သူတွေ အားလုံးအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ဧပြီ ၁၇ ရက်က လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်ကို လွှတ်မပေးခင် ခံဝန်ကတိ ထိုးခိုင်းခဲ့ပေမယ့် သူက လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သေဒဏ် ချမှတ်ခံထားရသူတွေကို သေဒဏ်ရုတ်သိမ်းမှု အပါအဝင် တဖက်သတ် ဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးသင့်တာ ကြာပြီ ဖြစ်ပြီး အခုလို သမ္မတဦးဝင်မြင့် ပြန်လွတ်မြောက်လာတဲ့အတွက် စိတ်သက်သာရာ ရကြောင်း ဗိုလ်ကာ တက်ဇ်က ပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ သမ္မတ ဖြစ်လာပြီးနောက်မှသာ သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
Ref:ucanews

