နေပြည်တော် ၊ ဧပြီ ၁၈
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဧပြီ ၁၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို NUCC က ပြည်သူလူထုနဲ့ ထပ်တူများစွာ ဝမ်းမြောက်ရကြောင်း ကြိုဆိုတဲ့ သဝဏ်လွှာမှာ ထည့်သွင်းထားတာပါ။
အာဏာသိမ်း သမ္မတရုံးရဲ့ အမိန့်ထုတ်ပြန်ချက်အရ မြန်မာ့နှစ်သစ်ကူးမှာ အကျဉ်းသား ၄၃၀၀ ကျော်ကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် ကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ လွတ်ငြိမ်းခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာသိမ်းချိန်မှာ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံခဲ့ရပြီး မတရားစွပ်စွဲထားတဲ့ ပုဒ်မတွေနဲ့ နှစ်ရှည်ထောင်ဒဏ် အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ထောင်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကိုသာ လျှော့ပေါ့ပေးခဲ့တာပါ။
ဒီအတွက်ကြောင့် NUCC က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်း သဝဏ်လွှာကနေ အသိပေးတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ NUCC က တရားဝင် ဆက်လက်အသိအမှတ်ပြု ထားဆဲဖြစ်တယ်လို့ NUCC က ဆိုပါတယ်။
သမ္မတ ဦးဝင်းမြင့်ဟာ ပြည်သူလူထုကနေ ဒီမိုကရေစီ နည်းလမ်းကျ အပ်နှင်းထားတဲ့ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေစဉ် စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ကာ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ပြီး မတရား ဖမ်းဆီး ချုပ်နှောင်မှုကို ခံခဲ့ရတာပါ။
NUCC အနေနဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်မှန်သမျှ ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်သူတရပ်လုံး တော်လှန်ရေးအင်အားစုအားလုံးနဲ့ အတူလက်တွဲကာ နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

