တီဟီရန်၊ ဧပြီ ၁၈
အမေရိကန်က အီရန် ဆိပ်ကမ်းတွေကို ဆက်လက် ပိတ်ဆို့ထားမယ်ဆိုရင် ဟောမု့ဇ် ရေလက်ကြားကို ဆက်လက် ဖွင့်ထားပေးတော့မှာ မဟုတ်ကြောင်း အီရန် လွှတ်တော် ဥက္ကဋ္ဌက သတိပေးလိုက်ပါတယ်။
ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ရပ် ရရှိတဲ့အချိန်အထိ အီရန် ဆိပ်ကမ်းတွေကိုဆက်လက် ပိတ်ဆို့ထားမှာ ဖြစ်ကြောင်းနဲ့ အဲဒီ ရေလမ်းကြောင်း ဖွင့်ထားပြီး စီးပွားရေး အတွက် အဆင်သင့်ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီးက ဟောမု့ဇ် ရေလက်ကြားကို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု အသက်ဝင်နေသေးတဲ့ အချိန်အတွင်း လုံးဝ ဖွင့်လှစ်ပေးထားမှာ ဖြစ်ကြောင်း စောစောပိုင်းက ပြောဆိုခဲ့ပါတယ်။
ဧပြီ ၁၈ ရက်မှာတော့ အဲဒီ လမ်းကြောင်းကနေ ကုန်တင်သင်္ဘော တချို့ ဖြတ်သန်းခဲ့ကြောင်း သင်္ဘောလမ်းကြောင်း ခြေရာခံ ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားပါတယ်။
အီရန်က သူတို့ သန့်စင်ထားတဲ့ ယူရေနီယံတွေကို ဖယ်ရှားရှင်းလင်းမှု အပါအဝင် အားလုံး သဘောတူထားတယ်လို့ ထရန့်က ပြောဆိုပါတယ်။
အီရန်ကနေ သန့်စင်ပြီးသား ယူရေနီယံတွေကို ထုတ်ယူမယ်ဆိုတဲ့ ထရန့်ရဲ့ ပြောဆိုမှုတွေကို အီရန်က ပယ်ချထားပါတယ်။
အမေရိကန် သမ္မတက သံတမန်ရေးအရ အောင်ပွဲရဖို့ မျှော်လင့်ထားပေမယ့် နှစ်ဖက်ကြား သိသာတဲ့ သဘောထား ကွဲလွဲမှုတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ပြန်လည် ဖွင့်လှစ်ကြောင်း အီရန်က ကြေညာပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်း ၁၀ ရာခိုင်နှုန်းလောက် ပြန်လျော့ကျသွားပါတယ်။
ဒါပေမဲ့ စစ်ပွဲအရှိန် ပြန်ပြီး မြင့်တက်လာရင် ရေနံဈေးနှုန်း ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က ဖေဖော်ဝါရီလကုန်ပိုင်းမှာ အီရန်ကို စတင်တိုက်ခိုက်ပြီးနောက် အီရန်က ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ဆို့ထားပါတယ်။
အမေရိကန်က ပိတ်ဆို့မှုတွေ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ပင်လယ်နီကိုပါ ပိတ်ဆို့မှာ ဖြစ်ကြောင်း အီရန်က သတိပေးထားပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို အီရန်က ဖွင့်ထားတယ်ဆိုပေမယ့် သင်္ဘော တချို့ လမ်းကြောင်း ပြောင်းလဲ မောင်းနှင်နေရတယ်လို့ သိရပါတယ်။
Ref:BBC

