ဆစ်ဒနီ၊ ဧပြီ ၁၈

တရုတ်ကို တားဆီးရေး သြစတြေးလျ ရေတပ်ရဲ့ တာဝေး ပစ်ခတ်နိုင်စွမ်း အားဖြည့်ဖို့ ရည်ရွယ်တဲ့ စစ်အင်အား တည်ဆောက်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ သြစတြေးလျ ရေတပ် အတွက် ကိုယ်ပျောက် ဖရီးဂိတ်သင်္ဘော တစ်ဒါဇင်နီးပါး ထောက်ပံ့ရေး သဘောတူညီမှု တစ်ရပ်ကို ဂျပန်က ဧပြီ ၁၈ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြည်ပသို့ ဂျပန်က အကြီးမားဆုံး ကာကွယ်ရေးပစ္စည်း တင်ပို့မှုအနေနဲ့ သြစတြေးလျက ကိုယ်ပျောက် ဖရီးဂိတ်သင်္ဘောတွေဝယ်ယူရေး လာမယ့် ၁၀ နှစ်တာအတွက် ကန်ဒေါ်လာ ၆ ဘီလီယံ ပေးမှာ ဖြစ်ပါတယ်။

ပထမဆုံး သင်္ဘော သုံးစီး ပေးပို့ရေး စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားသို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိ တက်ရောက်ခဲ့ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါက ငြိမ်းချမ်းတဲ့ ကာလမှာ သြစတြေးလျ တော်ဝင်ရေတပ်အတွက် အမြန်ဆန်ဆုံး ဝယ်ယူမှု ဖြစ်တယ်လို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ကမ္ဘာမှာ အဆင့်အမြင့်ဆုံး ဖရီးဂိတ် သင်္ဘောတွေထဲက တစ်စီး ဒါမှမဟုတ် အဲဒီ ထက်ပိုပြီး ဝယ်ယူဖို့ ဂျပန်-သြစတြေးလျ လက်တွဲဖော် လုပ်ငန်းတွေနဲ့ ဆွေးနွေးထားပြီး ဖြစ်တယ်လို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သြစတြေးလျက သူတို့ ရေတပ်မှာ ရှိတဲ့ အဓိက ရေယာဉ်အုပ်စု ၁၁ စီးကနေ လာမယ့် ၁၀ နှစ်အတွင်း ၂၆ စီးအထိ တိုးချဲ့ဖို့ ရည်မှန်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မိုဂါမီ အဆင့် ကိုယ်ပျောက် ဖရီးဂိတ် သင်္ဘောတွေဟာ လက်နက် အမျိုးမျိုး တပ်ဆင်နိုင်တဲ့ ကမ္ဘာ့အဆင့် အမြင့်ဆုံး စစ်သင်္ဘောတွေထဲမှာ ပါဝင်ပါတယ်။

ဂျပန်က တရုတ်နဲ့ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေမှာ ပါဝင်နေတဲ့ ပစိဖိတ်ဒေသတွင်းက အမေရိကန် မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ထားပါတယ်။

ဂျပန်နဲ့ သြစတြေးလျ နှစ်နိုင်ငံစလုံးဟာ အိန္ဒိယ၊ အမေရိကန်တို့နဲ့ အတူ Quad အဖွဲ့ဝင် နိုင်ငံတွေ ဖြစ်ပါတယ်။

ဒေသဆိုင်ရာ စိန်ခေါ်မှုတွေကို တားဆီးရေး ဂျပန်နဲ့ သြစတြေးလျတို့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့လာနေကြောင်း လေ့လာသူတွေက ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.